နေပြည်တော် ၃ နိုဝင်ဘာ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ် ဧည့်ရိပ်သာခန်းမ၌ တောင်တန်းသာသနာပြု ဒီးမော့ဆိုမြို့မ ပရဟိတကျောင်းအတွက် အရေးပေါ်စားနပ်ရိက္ခာဖိုးငွေများ ထောက်ပံ့ပြီး ကယားပြည်နယ်အတွင်း တာဝန် ထမ်းဆောင်နေသော ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။
အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်ဖောင်းရှိုနှင့်တာဝန်ရှိသူများက ဒီးမော့ဆိုမြို့၊ တောင်တန်းသာသနာပြု ဒီမော့ဆို မြို့ မပရဟိတ ကျောင်းတွင် ရင်ခွင်မဲ့ကလေး ငယ်များ၊ ဆင်းရဲနွမ်းပါသော ကလေးငယ်များ အားကျွေးမွေးစောင့်ရှောက် ထားရာ သူငယ်တန်းမှတက္ကသိုလ်ဝင်တန်းအထိ ပညာသင် ကျောင်းသား၊ကျောင်းသူ (၁၂၀)ရှိပြီး ၎င်းတို့၏ စားနပ်ရိက္ခာလိုအပ်ချက်များအတွက် တင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ပရဟိတကျောင်းရှိကျောင်းသား၊ ကျောင်းသူများအတွက် အရေးပေါ်စားနပ်ရိက္ခာ (ဆန်၊ဆီ၊ပဲ) (၃)လစာအတွက်ထောက်ပံ့ငွေကျပ် (၇၂) သိန်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ထံသို့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ် အတွင်း တာဝန်ထမ်းဆောင်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေးစကားပြောကြားသည်။ ဆက်လက်၍ ဝန်ထမ်းများ၏ ကြုံတွေ့နေရသော အခက်အခဲများကို မေးမြန်းပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


