ရန်ကုန် ၃ နိုဝင်ဘာ
အမေရိကန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အတွေ့အကြုံမြင့် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ပညာရှင်များ ပညာရပ်ဆိုင်ရာ နှီးနှောဆွေးနွေးပွဲနှင့်ရက်သတ္တပတ် (၂) ပတ်ကြာ ဦးနှောက် နှင့်အာရုံကြောပူးပေါင်း ခွဲစိတ်ကု သမှုပြုလုပ်ခြင်းအခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် Melia Hotel ရန်ကုန်၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြား သည်။
ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ပညာရပ်ဆိုင် ရာနှီးနှောဆွေးနွေးပွဲတွင် ဆွေးနွေးချက်များနှင့် ပူးပေါင်းခွဲစိတ်ကုသမှုများကို ရုပ်သံရိုက်ကူးမှုနှင့် မှတ်တမ်းတင်ကာ နိုင်ငံတစ်ဝန်းလုံးရှိခွဲစိတ်ဆရာဝန်များ၊ မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များထံသို့ ဖြန့်ဝေပေးသွားစေလိုပါကြောင်း။
ယခုဆွေးနွေးပွဲသို့ တက်ရောက်လာကြသောအမေရိကန်နှင့် ကိုရီးယားသမ္မတနိုင်ငံ တို့မှပညာရှင်များအနေဖြင့် မြန်မာနိုင်ငံရှိဆေးတက္ကသိုလ် အသီးသီးမှ ဘွဲ့ကြိုနှင့် ဘွဲ့လွန် သင်တန်းများတွင် သင်ကြားလျက်ရှိသော ဦးနှောက်နှင့်အာရုံကြောခွဲစိတ် ကုသမှုသင်ရိုး ညွှန်းတမ်းများကိုလည်း ဆန်းစစ်မှုများဝိုင်းဝန်းပြုလုပ်ပြီး နိုင်ငံတကာအဆင့်မီဖြစ်စေရန် မွမ်းမံပြင်ဆင်သင့်သည်များနှင့် ပညာရပ်ကို ပိုမိုစိတ်ပါဝင်စားလိုက်စားမှုရှိစေရန် တို့အတွက် အကြံပြုကြစေလိုပါကြောင်း။
မည်သည့် ခွဲစိတ်ကုသမှုမျိုးတွင်မဆိုမ ခွဲစိတ်ခင် (preoperative care) နှင့် ခွဲစိတ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု(postoperative care)တို့သည် အထူးအရေးကြီးပြီး ယခု ဆွေးနွေးပွဲ၌ အဆိုပါကိစ္စရပ်များကိုလည်း အထူးဦးစား ပေးသင်ကြားဆွေးနွေးသည့်အပြင် ယခုမြန်မာ နိုင်ငံသို့လာရောက်သည့်အဖွဲ့တွင် အထူးကြပ်မတ်ကုသမှုဆိုင်ရာပညာရှင်များနှင့် ကုသမှုအထောက် အကူပြုပညာရှင်ပါဝင်ခြင်းသည် လူနာများအတွက် အထူးအကျိုး ရှိမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနသည် ဂျပန်နိုင်ငံ၏ပံ့ပိုးလှူဒါန်းမှုဖြင့် နှလုံး၊ဦးနှောက်နှင့်အာရုံကြောအထူးကု ဆေးရုံသစ်ကြီး (ရန်ကုန်)ကိုစတင်တည်ဆောက်လျက်ရှိပြီး ဆေးရုံသစ်ကြီးအား (၂၀၂၀) ခုနှစ်၊နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးသည့်အခါ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဆရာဝန်၊သူနာပြုနှင့်ကုသမှု အထောက်အကူပြုပညာရှင်များအားလုံးသည်လည်း ကောင်းမွန် ခေတ်မီသောဆေးရုံသစ်ကြီးတွင် ခေတ်မီနောက်ဆုံးပေါ်ဆေးပစ္စည်းများ ကိရိယာစုံလင် စွာဖြင့် လုပ်ငန်းဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ ဆေးပညာဘာသာရပ်များ တိုးတက် ရေး၊ ကုသမှုစွမ်းဆောင်ရည်များမြင့်မား တိုးတက်စေရေး၊ ထိုမှတဆင့် ပြည်သူများအား အရည်အသွေးပြည့်ဝသောကျန်းမာရေး စောင့်ရှောက်မှုများပေးအပ်နိုင်ရေးတို့အတွက် ဆက်လက် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် အမေရိကန်နိုင်ငံ၊ Henry Ford Hospital မှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပါမောက္ခProfessor Jack Rock ကဦးနှောက်နှင့်အာရုံကြော ထိခိုက်ဒဏ်ရာ ရရှိမှုဆိုင်ရာအီလက်ထရောနစ် စနစ်သုံးအချက်အလက်မှတ်တမ်း စနစ်ကို ရန်ကုန်မြို့တွင် ဆောင်ရွက်ရန်နှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးနှီးနှောဖလှယ်ပွဲသို့ အမေရိကန်နိုင်ငံ Henry Ford Hospital မှ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊ ကူးစက်ရောဂါ ဗေဒပညာရှင်၊ အမေရိကန်နိုင်ငံမှ ဆေးကုသမှုစက်ကိရိယာပစ္စွည်းအင်ဂျင်နီယာပညာရှင်၊ အထူးကြပ်မတ်ကုသမှုပညာရှင်၊ သူနာပြုအုပ်၊ ကင်ဆာရောဂါကုသမှုပညာရှင်၊ ကိုရီးယား သမ္မတနိုင်ငံAjou University မှ ပါမောက္ခနှင့် တွဲဖက်ပါမောက္ခများ၊ မြန်မာနိုင်ငံမှ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ မျိုးဆက်သစ် ဆရာဝန်များ၊ သူနာပြုများတက်ရောက်ခဲ့ကြပြီး ဦးနှောက်နှင့်အာရုံကြောရောဂါ ရှာဖွေ စစ်ဆေးမှုနှင့်ခွဲစိတ်ကုသမှုနောက်ဆုံးပေါ်နည်းစနစ်များ၊ ခွဲစိတ်ကုသမှုစက်ပစ္စည်းကိရိယာ များ၊ ဦးနှောက်နှင့်အာရုံကြော ဆိုင်ရာကူးစက်ရောဂါပိုးဝင်ရောက်မှု၊ ဦးနှောက်နှင့်အာရုံ ကြောဆိုင်ရာ ကင်ဆာရောဂါ၊ အထူးကြပ်မတ်ကုသမှု၊ ဦးနှောက်နှင့်အာရုံကြော ထိခိုက် ဒဏ်ရာရှိမှုအချက်အလက်မှတ်တမ်းစနစ် စသည့် အကြောင်းအရာများကိုဆွေးနွေးကြကာ မြန်မာနိုင်ငံမှ မျိုးဆက်သစ် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်များမှ ဟောပြော ဆွေးနွေး မှုများကိုလည်းဆောင်ရွက်ခဲ့သည်။
အမေရိကန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အတွေ့အကြုံမြင့်မားသော ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံမှပညာရှင်များနှင့်အတူ နိုဝင်ဘာလ (၁၄) ရက်နေ့အထိရက်သတ္တပတ် (၂) ပတ်ကြာဦးနှောက်နှင့်အာရုံကြော ပူးပေါင်း ခွဲစိတ်ကုသမှုများကိုမြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆောင်ရွက်သွား မည်ဖြစ်သည်။
အမေရိကန် နိုင်ငံ၊Detroit မြို့၊ Henry Ford Hospital မှ အာရုံကြောများကို မထိခိုက်စေဘဲဦးနှောက်နှင့် အာရုံကြောအကြိတ်များကိုဖယ်ရှားရာတွင် အသုံးပြုသည့် တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀,ဝ၀ဝ) ရှိ Neurophysiological Machine နှင့် ဦးနှောက်အတွင်းသွေးခဲရှိ၊ မရှိစစ်ဆေးနိုင်သည့် အမေရိကန်ဒေါ်လာ (၁၅,ဝ၀ဝ) ရှိ Infrascan Machine တို့ကိုဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


