ကျောက်တံခါး ၄ နိုဝင်ဘာ

 

ကျောက်တံခါးမြို့နယ်၊ ဆယ့်လေးရွာအုပ်စု ကျွဲတဲကြီးကျေးရွာတွင် နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီခွဲက ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ခဲ့သည်။

 

ကျွဲတဲကြီးကျေးရွာသည် လယ်သမားများ အိမ်ခြေ(၆၄)မှ အိမ်ထောင်စုများ နေထိုင်ပြီး မဟာဓာတ်အားလိုင်းနှင့် (၂)မိုင်အတွင်း တည်ရှိသောရွာဖြစ်သည်။

 

NEP စီမံကိန်းဖြင့် 11KV ဓာတ်အားလိုင်း၊ 50.KVA ထရန်စဖော်မာတစ်လုံး တပ်ဆင်ကာ ကျေးရွာမီးလင်းရေးကော်မတီမှ ကိုယ့်အားကိုယ်ကိုး 400 v ဓာတ်အားလိုင်း တည်ဆောက်ပြီး ဖြစ်သောကြောင့် မီးလင်းရေးအောင်ပွဲ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်မှူး၊ ဓာတ်အားလိုင်း တည်ဆောက်ပေးခဲ့သော စိုးမိုးသန်းကုမ္ပဏီမှ တာဝန်ခံတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်မှူးတို့မှ အမှာစကားများ ပြောကြားကာ လျှပ်စစ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ ရှင်းပြပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပညာပေး ဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းကျော်မှ လမ်းမီးတိုင်များအား ခလုတ်နှိပ် မီးလင်းပေးခဲ့သည်။

 

ဖဒိုဒေသ NEP စီမံကိန်းတွင် ပထမဆုံး မီးလင်းသော ကျေးရွာဖြစ်ပြီး အိမ်သုံးမီတာ အလုံး(၅၀)ကျော် တပ်ဆင်ပေးသွားမည်ဖြစ်သည်။ အသက်(၆၀)ကျော် ဒေသခံလယ်သမားကြီး ဦးလှမြင့်က “တစ်သက်လုံး မထင်မှတ်ခဲ့တဲ့လျှပ်စစ်မီး ရွာမှာစလင်းတဲ့နေ့က တစ်ရွာလုံး ကခုန်ပျော်ခဲ့ကြရတယ်၊ မီးလင်းအောင် ကြိုးစားဆောင်ရွက်ပေးခဲ့တဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်ဟု ပီတိစကား ပြောကြားမှုကိုလည်း သိရှိခဲ့ရသည်။

 

ဗိုလ်သိန်း(ဖဒို)