မန္တလေး ၄ နိုဝင်ဘာ
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ အနော်ရထာမင်း နှင့် ကျန်စစ်သားမင်းတို့၏ နန်းတော်ရာ ဟောင်းနေရာကို ထိန်းသိမ်းမှုလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန (ပုဂံဌာနခွဲ) ကသိရသည်။
အဆိုပါ နန်းတော်ရာဟောင်းအား ထိန်းသိမ်းမှုများလုပ်ရာတွင် မြေကာနံရံများပြုခြင်း၊ အမိုးအကာများ ပြုလုပ်ခြင်း၊ အသိပေး သတိပေး ဆိုင်းဘုတ်များပြုလုပ်ခြင်း ၊ အမိုးအကာ ပြုလုပ်ထားသော Excavation Sites များရှိ ပျက်စီးနေသော ရေတံလျှောက်များ အသစ်လဲလှယ်ခြင်း၊ တူးဖော်မှုကုန်းများအား ဓာတုဗေဒနည်းဖြင့် မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည် ။
" ဒီရက်ပိုင်းလေးကပဲ တင်ဒါခေါ်ထားတယ် ။ခေါ်ပြီးတာနဲ့ တင်ဒါကို ဒီလကုန်ပိုင်းမှာ ဖောက်မယ် ။ တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်တာတွေ လုပ်ပြီးမှ လုပ်ငန်းအကောင်အထည်ဖော်နိုင်မယ် ။ ထိန်းသိမ်းမှုပြုလုပ်ရင်လည်း ရှေးမူမပျက်လုပ်ဆောင်သွားမယ် " ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။
ယင်း နန်းတော်များကို ထိန်းသိမ်းမှု ပြုလုပ်ရခြင်းသည် မိုးရွာသည့်အခါ၌ မိုးရေများဝင်ရောက်ပြီး မြေများပဲ့ကျခြင်းများဖြစ်ပေါ်သည့်အတွက်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က သိရသည်။
တင်ဒါများကို အောက်တိုဘာလ ၃၁ ရက်နေ့ က စတင်ရောင်းချပေးနေပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တင်ဒါဖွင့်ဖောက်မည်ဖြစ်ကာ လုပ်ငန်းများကို ဒီဇင်ဘာလထဲတွင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည် ။
သူရိန်လင်း


