မုံရွာ ၄ နိုဝင်ဘာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ မြန်မာ့သနပ်ခါး ညီလာခံနှင့် သဘာဝသနပ်ခါး ထုတ်ကုန်ပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သနပ်ခါးညီလာခံတွင် သနပ်ခါးစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သနပ်ခါးတန်ဖိုးမြှင့် ထုတ်ကုန်များကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်၊ ဈေးကွက်ချိတ်ဆက်မှုအသစ်များ ရရှိစေရန်၊ သနပ်ခါး ထုတ်ကုန်များကို စိတ်ဝင်စားသူများ တစ်နေရာတည်းတွင် လာရောက်လေ့လာနိုင်ရန်၊ နိုင်ငံခြားဈေးကွက်များ ဖန်တီးရရှိစေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စာတမ်းဖတ်ပွဲများ ကျင်းပမည်ဖြစ်ပြီး မြန်မာ့သနပ်ခါးထုတ်ကုန်များဖြစ်သော သနပ်ခါးတုံးများနှင့် မျိုးစေ့များ၊ အပင်များ၊ သဘာဝသနပ်ခါးတန်ဖိုးမြင့် ထုတ်ကုန်များအပြင် မုံရွာဒေသထုတ်ကုန်များ၊ အဝတ်အထည်များ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ သဘာ၀ထုတ်ကုန်များကို ပြသသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာ့သနပ်ခါး ညီလာခံနှင့် သဘာဝသနပ်ခါး ထုတ်ကုန်ပြပွဲကို စိတ်ဝင်စားသူများအနေဖြင့် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ နေ့စဉ်နံနက် (၉)နာရီမှ ည(၉)နာရီအထိ မြို့တော်ခန်းမတွင် လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)