မုံရွာ ၄ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅)ခုတွင် မြေလွတ်မြေရိုင်း (၇၁၆)ဧကအား ဖော်ထုတ်ပေးရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင်၏ ပြောကြားချက်အရသိရသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ငှားရမ်းလုပ်ကိုင်လျက်ရှိသော မြေယာမဲ့စိုက်ပျိုးရေးသမားများအား ကိုယ်ပိုင်လယ်မြေများ ပိုင်ဆိုင်နိုင်စေရန်၊ ဆင်းရဲမှုကို လျော့ချပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြေလွတ်မြေရိုင်းများကို ဖော်ထုတ်ပေးပြီး မြေယာမဲ့တောင်သူများထံသို့ လွှဲပြောင်းပေးခြင်းဖြင့် ကိုယ်ပိုင်လယ်ယာမြေများအဖြစ် လုပ်ကိုင်နိုင်စေရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြေလွတ်မြေရိုင်းဖော်ဆောင်ပေးမှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် (၁၅၀)ဧက၊ ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် (၁၀၀)ဧက၊ တမူးခရိုင် တမူးမြို့နယ်တွင် (၂၀၀) ဧက၊ ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် (၁၀၀)ဧကနှင့် ကလေးခရိုင် ကလေးဝမြို့နယ်တွင် (၁၆၆)ဧက စုစုပေါင်း (၇၁၆)ဧကအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


