နေပြည်တော် ၄ နိုဝင်ဘာ
ယောဂနည်းပြသင်တန်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားက စားရုံ (B) ရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယောဂကျင့်စဉ်သည် ရှေးကတည်းကပေါ်ပေါက်လာသည်ကို စာပေအထောက်အထားအခိုင်အမာ များစွာရှိပါကြောင်း၊ ယောဂကျင့်စဉ်ကို အမျိုးအစားအမျိုးမျိုးဖြင့် လူအများ စိတ်ပါဝင်စားကစားနိုင်အောင် အမြဲကြိုးစားနေသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ယောဂကျင့်စဉ်သည် လူ့ခန္ဓာ၏ ကျန်းမာရေးကို အထောက်အကူပြုပါကြောင်း။
လူ၏ခန္ဓာနှင့် စိတ်ကိုယှဉ်တွဲ၍ လုပ်ဆောင်ရသော အသက်ရှုလေ့ကျင့်ခန်းများ၊ ဏိတ်ကို တည်ငြိမ်စေသော လေ့ကျင့်ခန်းများ၊ ခန္ဓာကိုယ်၏ ပျော့ပျောင်းညင်သာသော ပုံစံအမျိုးမျိုးကို တွေ့မြင်နိုင်ပါကြောင်း၊ ယောဂပြုလုပ်ခြင်းအားဖြင့် လူတွေအားလုံး စိတ်ပင်ပန်းခြင်းကို လျှော့ချ စေနိုင်ခြင်း၊ စိုးရိမ်ပူပန်မှုများကို လျှောချစေနိုင်ခြင်း၊ နှလုံးနှင့် ပတ်သက်သော ကျန်းမာရေးကို ပိုမိုကောင်းမွန်လာနိုင်စေခြင်း၊ စိတ်ကျရောဂါ ခံစားရမှုကိုလည်း ပြန်လည်ကောင်းမွန်လာနိုင်စေ ခြင်း၊ ခန္ဓာကိုယ်တွင် နှစ်ပေါင်းများစွာ ခံစားနေရသော နာကျင်မှုဝေဒနာများအား လျော့ကျစေနိုင် ခြင်း၊ အိပ်ပျော်စေခြင်း၊ လူ၏ ခန္ဓာကိုယ်ရှိ အကြောအဆစ်များအားလုံး ပျော့ပျောင်းညှင်သာ လာခြင်း၊ လူ၏ခန္ဓာကိုယ်၏ အသက်ရှုခြင်းဆိုင်ရာလမ်းကြောင်းနှင့် အသက်ရှုခြင်းဆိုင်ရာ လုပ်ငန်း များတွင် ပိုမိုတိုးတက်လာစေနိုင်ခြင်း၊ လူ၏ခန္ဓာကိုယ်တွင် အမြဲတမ်းဖြစ်ပေါ်နေသော ခေါင်းကိုက် ဝေဒနာကိုလည်း လျော့ကျလာနိုင်မည်ဖြစ်ပါကြောင်း။
လူ၏ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်လာနိုင်စေပါကြောင်း၊ ယောဂကစားခြင်းအားဖြင့် မိမိတို့၏ အသက်၊ ဘဝလမ်းကြောင်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ ယောဂကို ဆေးဝါး ကုသသောနေရာများတွင်လည်း အသုံးပြုနေသည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ယောဂလေ့ ကျင့်စဉ်သည် မြန်မာပြည်တွင်လည်း ရှေးယခင်ကတည်းက ရောက်ရှိနေသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ကမ္ဘာကြီးတွင်ဖြစ်ပေါ်နေသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုများကို အထောက်အကူပြုပါကြောင်း၊ တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ လေ့ကျင့်ပေးလိုက်သော ယောဂလေ့ကျင့်ခန်းများကို မိမိပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr Saurabh Kumar က မြန်မာ- အိန္ဒိယ နှစ်နိုင်ငံအကြား ယောဂလေ့ကျင့်ခန်း ဆောင်ရွက်ခြင်းအားဖြင့် ရင်းနှီးချစ်ကြည်မှု ပိုမိုရရှိလာစေသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည်လည်း ယဉ်ကျေးမှုဆိုင်ရာများ ဆက်နွယ်မှုရှိပါကြောင်း၊ ယခုသင်တန်းတွင် သင်တန်းနည်းပြဆရာမဖြစ်သော Ms. Mansha Agrey က အကောင်းဆုံး တာဝန်ယူသင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ ယခု သင်တန်းသည် အခြေခံသင်တန်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းအောင်မြင်စွာ ဖွင့်လှစ်ပြီးပါက နိုင်ငံတကာအဆင့် ယောဂသင်တန်းတစ်ခုကို ရန်ကုန်(သို့မဟုတ်) နေပြည်တော်တွင် ဖွင့်လှစ်သင်ကြား သွားနိုင်စေရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr Saurabh Kumar ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ညွှန်ကြားရေးမှူး Dr. Asawari Bapat နှင့် အိန္ဒိယနိုင်ငံ ယောဂနည်းပြဆရာမ Ms. Mansha Agrey တို့ကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ ယောဂသင်တန်း အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာ သိပ္ပံ(၆)ကျောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး (အားကစား)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးချုပ်ရှိ အရာထမ်း/အမှုထမ်း သင်တန်းသားဦးရေ (၂၅၂) ဦးဖြင့် (၃)ရက်တာ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


