ရန်ကုန် ၄ နိုဝင်ဘာ
၁၉၄၆-ခုနှစ်တွင် ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံးကာလ၌ ဝယ်ယူခဲ့သော ရန်ကုန်မြို့ ၊ဗဟန်မြို့နယ်ဝင်္ဂဘာလမ်းရှိ မြန်မာ့ရုပ် ရှင်သမိုင်းပြတိုက်အား ပြုပြင်မွမ်းမံလျှက်ရှိရာ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အား ဂုဏ်ပြုသောအားဖြင့် ရုပ်ရှင်သမိုင်းပြတိုက်အား ဒီဇင်ဘာလတွင် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
ရုပ်ရှင်သမိုင်းပြတိုက်မျက်နှာစာတွင် မြန်မာ့ရုပ်ရှင်၏ ဖခင်ကြီးများဖြစ်သော လန်ဒန်အတ်ဦးအုံးမောင်၊ မင်းသားဦးညီပု၊ ဓာတ်ပုံဆရာဦးမောင်မောင်တို့ ရုပ်တုကိုပြသရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိပြီး ပြတိုက်အောက်ထပ်တွင် မြန်မာရုပ်ရှင်၏ ပထမဆုံးဇာတ်ကြီးဖြစ်သည့် မေတ္တာနှင့်သူရာ ရုပ်ရှင်မှတ်တမ်းပြခန်းနှင့်အတူ ငွေရတုပြခန်း၊ ခေတ်အဆက်ဆက် ရိုက်ကူးခဲ့သော ရုပ်ရှင် ပြစက်၊ရိုက်ကူးစက် အမျိုးမျိုးတို့ပြသထားသည့် စက်မှုပြခန်းကို ပြသထားပြီး အပေါ်ထပ်တွင် ၁၉၆၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ ပြသခဲ့သော ရုပ်ရုပ်များပါဝင်သည့် ရုပ်ရှင်ရာပြည့်ပြခန်း၊ စိန်ရတုပြခန်းနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပြခန်းတို့ဖြင့် အသီးသီးပြခန်းများ ဖွင့်လှစ်ထားရှိသည်။ ရုပ်ရှင်ရာပြည့် မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်အား ဖွင့်လှစ်ပြသနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျှက်ရှိရာ(၇၀)ရာခိုင်နှုန်း ပြီးစီးလျှက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွင့်လှစ်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်ရာပြည့်အကြို ပြက္ခဒိန်ကိုယခင်ထက်မတူ တစ်မူထူးခြားစွာ ပြင်ဆင်ဆောင်ရွက်လျှက်ရှိ၍ ပြက္ခဒိန် မျက်နှာဖုံးအော က်တွင်ငွေရတု၊ ရွှေရတု၊စိန်ရတုနှင့် ယနေ့ခေတ်ကာလ အဝတ်အစား အပြင်အဆင်များဖြင့် တစ်ခေတ်တစ်ခါက ပုံများကို ထူးခြားစွာ ပုံဖော်ထုတ်လုပ် လျှက်ရှိသည်။ မြန်မာ့ရုပ်ရှင်၏ ပထမဆုံးဇာတ်ကားမှာ မေတ္တာနှင့် သူရာဖြစ်သော်လည်း ထိုဇာတ်ကားရိုက်ကူးနေစဉ် သတင်းကားနှစ်ကားဖြစ်သော အင်္ဂလန်နိုင်ငံ၏ ကုန်စည်ပြပွဲနှင့် သခင်ထွန်းရှိန် ဈာပနကို ဗိုလ်ချုပ်ဈေးရုပ်ရှင်ရုံတွင် ပထမဆုံးရိုက်ကူးပြသခဲ့ခြင်း ဖြစ်ပြီးဆက်လက်၍ မေတ္တာနှင့် သူရာ ဇာတ်ကားကို ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရုင်ရှင်ဖခင်ကြီး ရုပ်တုသုံးရုပ်ပဲ လုပ်နိုင်သေးတယ်။ ဦးအုန်းမောင်၊ ဦးမောင်မောင်နဲ့ ဦးညီပုတို့ရုပ်တုကို ရာပြည့်အကြိုရုပ်ရှင် သမိုင်းပြတိုက်မှာ ပြသဖို့ဆောင်ရွက်နေပါတယ်။ နှစ်ရာပြည့်ဆိုတာ ကြုံတောင့်ကြုံခဲဆိုတော့ ပွဲတော်အောင်မြင်အောင် အားလုံးဝိုင်းဝန်းပြီး ဆောင်ရွက်နေကြပါတယ်။ စိန်ရတုလည်း အထူးစည်ကားခဲ့တယ် ဆိုတော့ရာ ပြည်ပွဲကပိုပြီးစည်ကားပြီး သမိုင်းကျန်ရစ်စေမှာပါ။ ရုပ်ရှင်သမိုင်းပြတိုက်ကို ဒီဇင်ဘာလဆိုရင် ဖွင့်လှစ်ပြသသွားမှာပါ”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ(၁)ဦး အေးကြူလေးက ပြောသည်။
ရုပ်ရှင်သမိုင်းပြတိုက်တွင် မေတ္တာနှင့်သူရာ (Love & Liquor)ရုပ်ရှင်ဇာတ်ကား မှတ်တမ်းကို ပြသထားပြီး လန်ဒန်အတ်ဦး အုံးမောင်၊ ဓာတ်ပုံဆရာ ဦးမောင်မောင်၊ ဒါရိုက်တာဦးတုတ်ကြီး၊ ဇာတ်ညွှန်ဆရာပီမိုးနင်း၊ မင်းသားဦးညီပု၊ သရုပ်ဆောင်ဦးပါကြီး၊ လူကြမ်းမောင်မေယင်ချစ်နှင့် မင်းသမီးမအေးကြည်(ခေါ်) မရီတို့ပါဝင်၍ မြန်မာ ရုပ်ရှင်သမိုင်း၏ ပထမခြေလှမ်းကို စတင်ခဲ့သော အနုပညာရှင်များဖြစ်ကြောင်း သိရသည်။
လက်ရှိဆောင်ရွက်နေသော ရုပ်ရုင်သမိုင်းပြတိုက်တွင် ငွေရတု၊ရွှေရတုနှင့် စိန်ရတုပွဲတို့၏ မှတ်တမ်းများပြင်ဆင်ဆောင်ရွ က်နေမှုမှာအနည်းငယ်သာ ကျန်ရှိပြီး ရာပြည့်ပြခန်းနှင့် အကယ်ဒမီ ထူးချွန်ဆုပြခန်းတို့ ပြင်ဆင်မှုပြီးစီး လုနီပါးဖြစ်၍ စက်မှုခန်းမှာ ပြီးစီးနေပြီဖြစ်ရာ ဒီဇင်ဘာလတွင် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ သိရသည်။
သန်းထိုက်
ဓာတ်ပုံ-သန်းစိုး


