နေပြည်တော် ၄ နိုဝင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။

 

1

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောင်းလဲ သက်ရောက်လျက်ရှိသည့် ရာသီဥတု၊ ရေမြေအခြေအနေအရ  ဖြစ်နိုင်ချေရှိသည့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ အလားအလာကောင်းများကို ရှာဖွေသုံးသပ်ပြီး စည်းမျဉ်းစည်းကမ်း နှင့်အညီ ရေရှည်အကျိုးကို မျှော်ကိုးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ် GAHP ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာပြီး  တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အဆင့်အထိ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးလာအောင် ကြိုးပမ်းကြစေလိုကြောင်း၊ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် အဆင့်အထိ တိုးချဲ့မေွးမြူလာရေးအားပေး ကူညီဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အစားအစာ ဘေးကင်းလုံခြုံရေးကို ဦးတည်နေသည့် နိုင်ငံတကာစံနှုန်းအရ မိမိတို့၏ မေွးမြူရေးထုတ် ကုန်များ  သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးသည် အရေးကြီးပါကြောင်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများက ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ် Good Animal Husbandry Practices (GAHP) ကို ကျွမ်းကျင်စွာ လိုက်နာဆောင်ရွက်ရေးအတွက် တိုးချဲ့ပညာပေးရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်လိုက် စီမံချက်များထည့်သွင်းရေးဆွဲပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ၂၀၁၉ ခုနှစ်အတွင်း တိုင်းဒေသကြီး ပြည်နယ်အလိုက် တိရစ္ဆာန်ရောဂါတွေ့ရှိမှု များ၊ အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်ပွားမှုနှင့် တိရစ္ဆာန်ရောဂါ ဖြစ်ပွားမှုလျှော့ချရေး လုပ်ငန်းစဉ်များ၊ ကာကွယ်ဆေးထုတ်လုပ်နိုင်မှု အခြေအနေများ၊ ဓါတ်ခွဲခန်းအဆင့်နှင့် လုပ်ငန်းများ၊ မျိုးရည်ခဲချောင်းထုတ်လုပ်ခြင်းနှင့် နိုက်တြိုဂျင် ထုတ်လုပ်ခြင်းဆိုင်ရာများ၊ စားကျက်တိုးချဲ့စိုက်ပျိုးမှုများနှင့် မျိုးထိန်းမျိုးပွား သရုပ်ပြသမှုလုပ်ငန်းဆိုင်ရာများ၊  သဘာဝ ဘေးဒဏ်ခံဒေသများသို့ တိရစ္ဆာန်အစာနှင့် ဆေးဝါးဖြန့်ဖြူးခြင်း၊ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာထူထောင်ခြင်း၊ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ ပျားမွေးမြူ ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာနှစ်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဉီးစီးဌာနမှူးများက ဒေသအလိုက် ဆောင်ရွက်လျက်ရှိသော မွေးမြူရေးနှင့် တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်မှာကြားသည်။

 

5

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဉီးစီး ဌာနအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကုန်သွယ်မှုဆိုင်ရာစစ်တမ်း၊ တိရစ္ဆာန် ကျန်းမာရေးစစ်တမ်း၊ မွေးမြူထုတ်လုပ်မှုဆိုင်ရာစစ်တမ်း စသည့် စစ်တမ်း ၁၁ ခုကို ဆောင်ရွက်ခဲ့ပြီး အသားကဏ္ဍဆိုင်ရာ သုတေသနလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ပသို့တင်ပို့သည့် ကျွဲ၊ နွား‌ကောင်ရေ ၅၈၀၀၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)