နေပြည်တော် ၄ နိုဝင်ဘာ
ပညာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) တို့ နည်းပညာပူးပေါင်းမှုအစီအစဉ်အရ ဆောင်ရွက်နေသည့် အာရှ-ပစိဖိတ်ဒေသတွင်း စီမံကိန်းတစ်ခုဖြစ်သော Strengthening Radiation Safety Infrastructure (RAS/9/089) ဓာတ်ရောင်ခြည်အန္တရာယ်ကင်းရှင်းမှု အခြေခံအဆောက်အအုံ အားကောင်းလာစေရေးဆိုင်ရာ စီမံကိန်း၏ ကာလလယ်ပြန်လည်သုံးသပ်မှုနှင့် ညှိနှိုင်းအစည်းအဝေး (Mid-term Review and Coordination Meeting on Strengthening Radiation Safety Infrastructure) ကို နိုဝင်ဘာ ၄ ရက်တွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ ကျင်းပသည်။
ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပါဝင်ဆွေးနွေးသူ ၈ ဦး၊ လေ့လာသူ ၅ ဦး၊ အိုင်အေအီးအေမှ ကျွမ်းကျင်းသူ ၆ ဦး ၊ အိုင်အေအီးအေ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်၊ အင်ဒိုနီးရှား၊ အီရန်၊ အီရတ်၊ အစ္စရေး၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ မလေးရှား၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ဆီးရီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ကိုယ်စားလှယ် ၂၀ တက်ရောက်သည်။
အစည်းအဝေးကို ပညာရေးဝန်ကြီးဌာန စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်မောင်လတ် ဦးဆောင်၍ အိုင်အေအီးအေမှကျွမ်းကျင်သူများနှင့်အတူ နိုဝင်ဘာ ၄ ရက် ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးကို အိုင်အေအီးအေအဖွဲ့ဝင်နိုင်ငံများတွင် ဓာတ်ရောင်ခြည် အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် (Radiation Safety Information Management System - RASIMS) ကိုအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စီမံကိန်းအောက်တွင်ဆောင်ရွက်ခဲ့သော တိုးတက်အောင်မြင်မှုများအား ပြန်လည်သုံးသပ်ရန်၊ စီမံကိန်းလုပ်ငန်းအစီအစဉ်များနှင့် အနာဂတ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အတည်ပြုဆွေးနွေးရန် စသည့် ရည်ရွက်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
အဆိုပါ RAS/9/089 စီမံကိန်းသည် ဓာတ်ရောင်ခြည်ကုထုံးခံယူနေသည့်ဝေဒနာရှင်များ၊ အများပြည်သူနှင့်သဘာဝပတ်ဝန်းကျင်အတွက် မလိုလားအပ်သော ဓာတ်ရောင်ခြည်အန္တရာယ်မှကာကွယ်ရန်၊ အာရှ-ပစိဖိတ်ဒေသတွင်းရှိနိုင်ငံများ၏ ဓာတ်ရောင်ခြည်အန္တရာယ် ကင်းရှင်းရေး အခြေခံအဆောက်အအုံများ အဆင့်အတန်းတိုးတက်လာစေရန်နှင့် အိုင်အေအီးအေ၏ ဘေးအန္တရာယ်ကင်းရှင်းရေးစံနှုန်းများ အပြည့်အဝ ကိုက်ညီစေရန်ရည်ရွယ်၍ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိလေးနှစ်တာ အကောင်ထည်ဖော်ကြိုးပမ်းဆောင်ရွက်မည့် စီမံကိန်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေဒီယိုသတ္တိကြွပစ္စည်းများအား ဘေးကင်းလုံခြုံစွာအသုံးပြုရေးနှင့် ပတ်သက်သော အစည်းအဝေးကို အိမ်ရှင်အဖြစ်ကျင်ပခြင်းဖြင့် မိမိတို့နိုင်ငံ၌ ဓာတ်ရောင်ခြည် အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများနှင့် သုတေသနများဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ ကိုဖြေရှင်းနိုင်ခြင်း၊ နိုင်ငံတကာကျွမ်းကျင် ပညာရှင်များထံမှအတွေ့အကြုံများ ရရှိနိုင်ခြင်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသောဝန်ထမ်းများအနေဖြင့် အိုင်အေအီးအေမှ မှကျွမ်းကျင် ပညာရှင်များ၊ ဒေသတွင်းရှိလုပ်ငန်း နယ်ပယ်တူသူများထံမှ အတွေ့အကြုံဗဟုသုတများ အပြန်အလှန်မျှဝေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိ စေမည်ဖြစ်သည်။
သတင်းနှင့် ဓာတ်ပုံ- အေဝမ်းစိုး


