နေပြည်တော် ၄ နိုဝင်ဘာ
လူနာဘေးကင်းလုံခြုံမှုကို ဆေးဝါးပညာရပ်ကဏ္ဍမှ ပံ့ပိုးဆောင်ရွက်ရမည့် ကိစ္စရပ်များ နှင့် ဆေးဝါးပညာရပ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှီးနှောဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုဆွေးနွေးပွဲတွင် ဝန်ကြီးဌာနရှိ ဆေးဝါးပညာရှင်များ၏ လုပ်ငန်းတာဝန်များနှင့် အခန်းကဏ္ဍတို့ကို ဆန်းစစ် သုံးသပ်မှုများပြုလုပ်၍ လက်တွေ့အခြေအနေအရပ်ရပ် နှင့်ကိုက်ညီပြီး တတ်ကျွမ်းသော ပညာရပ်ကို အမှန်တကယ်ကိုက်ညီ အသုံးချဆောင်ရွက်နိုင်မည့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးနိုင်ရေးနှင့် ဆေးဝါးပညာရှင်များ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားရေးတို့အတွက် အပြုသဘောဖြင့် ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ ဆေးဝါးပညာရပ်ကဏ္ဍတစ်ခုလုံး ပိုမိုတိုးတက်စေရေး ဆောင်ရွက်သင့်သည်များ၊ အာနိသင်အရည်အသွေးပြည့်မီပြီး ဘေးကင်း လုံခြုံမှုရှိသော ဆေးဝါးများဝယ်ယူရေး၊ စစ်ဆေးရေးဆိုင်ရာများကို အကြံပြုချက်များ ရယူ လိုပါကြောင်း၊ ဝန်ကြီးဌာနတွင် ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်များအလိုက် အကြံပြုအဖွဲ့များ ဖွဲ့စည်း၍ ပိုမိုတိုးတက်ကောင်းမွန်ရေး အကြံပြုချက်များ ရယူဆောင်ရွက်လျက်ရှိရာ ဆေးဝါးပညာရပ်ဆိုင်ရာအကြံပြုအဖွဲ့ကို ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆေးဝါးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစားပါမောက္ခချုပ်များ၊ ဆေးဝါးပညာရှင်များအသင်းဥက္ကဋ္ဌ၊ ဆေးဝါးပညာရှင်များ၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကုသရေးဆိုင်ရာဆေးဝါးပညာ၊ ဘွဲ့ကြိုနှင့်ဘွဲ့လွန်ဆေးဝါးပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်း၊ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာဆောင်ရွက်နေမှုများ၊ ဆေးဝါးလွဲမှားမှုနှင့် လူနာဘေးကင်းလုံခြုံမှု၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး၊ ဆေးဝါးပညာရှင်များ၏ အခန်းကဏ္ဍ၊ ဆေးဝါးပညာရှင်များ၏ အတွေ့အကြုံများ၊ ဆေးဝါးပညာရှင် လူ့စွမ်းအား အရင်းအမြစ်အခြေအနေ၊ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသောဆေးဝါးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
အဆိုပါ နှီးနှောဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)