နေပြည်တော် ၅ နိုဝင်ဘာ
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း EPI ကုမ္ပဏီနှင့် RPP ကုမ္ပဏီတို့မှ အိန္ဒိယနိုင်ငံသား ငါးဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ခရီးသည် စုစုပေါင်း ၁၀ ဦး တို့သည် နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် စပိဘုတ်စက်လှေ နှစ်စင်းဖြင့် ပလက်ဝဆိပ်ကမ်းမှ စစ်တွေသို့ သွားရောက်စဉ် AA အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
လက်နက်ငယ်များဖြင့် ပစ်ခတ်ဖြစ်စဉ်မှာ ချင်းပြည်နယ် ပလက်ဝမြို့အရှေ့ဘက်ကမ်း၌ အိန္ဒိယ-မြန်မာ ဇိုရမ်ပူ ကားလမ်း ဖောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော EPI ကုမ္ပဏီနှင့် RPP ကုမ္ပဏီတို့မှ အိန္ဒိယ နိုင်ငံသား ငါးဦး၊ စကားပြန် နှစ်ဦး၊ စက်လှေမောင်းသူ နှစ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ၁၀ ဦးတို့သည် နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် EPI ကုမ္ပဏီမှ စီစဉ်ပေးသော စပိဘုတ်စက်လှေ နှစ်စင်းဖြင့် ပလက်ဝဆိပ်ကမ်းမှ စစ်တွေမြို့သို့ ကုလားတန်မြစ်ကြောင်းအတိုင်း သွားရောက်စဉ် ကျောက်တန်းကျေးရွာအနီး၌ AA အဖွဲ့ဝင် ၁၀ ဦးခန့်က စက်လှေ နှစ်စင်းဖြင့် ကုလားတန်မြစ်အလယ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ဟန့်တား၍ စက်လှေအား ကျောက်တန်း ကျေးရွာ စက်လှေဆိပ်သို့ ဆိုက်ကပ်စေခဲ့ကြောင်း၊ ယင်းနောက် စက်လှေတစ်စင်းဖြင့် အသင့် စောင့်ဆိုင်းနေသည့် AA အဖွဲ့ဝင် ၄၀ ခန့်နှင့်အတူ စက်လှေ သုံးစင်းဖြင့် ကွမ်းဇေးကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း။
ယင်းနောက် ကွမ်းဇေးကျေးရွာ၏ အနောက်ဘက်သို့ လေးနာရီခန့် ခြေကျင်ခရီးဖြင့် ဆက်လက်ဖမ်းဆီးခေါ်သွား ခဲ့ကြောင်း၊ အဆိုပါနေရာသို့ ရောက်ရှိကြရာ ယင်းတို့အနက်မှ အိန္ဒိယနိုင်ငံသား Mr. Vinoo Gopal သည် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် သေဆုံးသွားခဲ့ကြောင်း။
ဖမ်းဆီးခေါ်ဆောင် ယနေ့နံနက်ပိုင်းတွင် ဦးဝှေ့တင်းအား ဖမ်းဆီးခေါ်ဆောင်ထားပြီး ကျန်သူများအား ပြန်လည် စေလွှတ်ပေးခဲ့သဖြင့် ကျောက်တော်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Dr. Kumar Praveen ၊ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန် Mr. Tsewang Gyalpson နှင့် စကားပြန်တစ်ဦးတို့က ပြန်လွတ်လာသူများအား မော်တော်ယာဉ် နှစ်စင်းဖြင့် လည်းကောင်း၊ သေဆုံးသူ၏အလောင်းအား ဖြူစင်မေတ္တာ နာရေးကူညီမှုအသင်းမှ မော်တော် ယာဉ်ဖြင့်လည်းကောင်း တင်ဆောင်၍ စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ မွန်းလွဲ ၂ နာရီခန့်တွင် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း၊ ဖြစ်စဉ်နေရာတစ်ဝိုက်၌ တပ်မတော်စစ်ကြောင်း များက နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


