တောင်ကြီး ၅ နိုဝင်ဘာ
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာ ၄ ရက် ညနေ ၅ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က စိန်နားပန် မီးပုံးပျံအား ဦးစွာလွှတ်တင် ပူဇော်ကြသည်။
ဆက်လက်၍ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ တန်ဆောင်တိုင်ပွဲတော်မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခုနစ်ဦးတို့က ဖွင့်လှစ်ပေးပြီး ရှမ်းရိုးရာယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေး ရှမ်းလူငယ် အဖွဲ့(SYO)က ဓားသိုင်းအက၊ တိုးနရားအကနှင့် ကိန္နရီ ကိန္နရာအကတို့ဖြင့် ကပြဖျော်ဖြေ၍ ရွှေဥဒေါင်းအက မီးအလှအကဖြင့် ကပြဖျော်ဖြေကာ ရှမ်းပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့တို့က တန်ဆောင်တိုင် တေးသီချင်း ပြိုင်ပွဲဆုရ တေးရေး၊ တေးဆို ဟိန်းကို(STH)ရေးစပ်သည့် “တို့ရှမ်းပြည်နယ် တန်ဆောင်တိုင်ပွဲ” သီချင်းဖြင့် ကပြ ဖျော်ဖြေကြသည်။
ထို့နောက် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီး ကော်မတီနာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က တန်ဆောင်တိုင်ပွဲတော်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ကာ စိန်နားပန် မီးပုံးပျံအကြီးနှစ်လုံးနှင့် မီးပုံးပျံငယ် အလုံး ၂၅ဝဝ တို့ကို လွှတ်တင်ကြသည်။
အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်တွင် ညလွှတ် ညမီးကြီး ၇၉ လုံး၊ စိန်နားပန် ၃၆ လုံးနှင့် နေ့လွတ်အရုပ် ခြေနှစ်ချောင်း အလုံး ၁၅၀၊ ခြေလေးချောင်း ၉၄ လုံး၊ အုပ်စု ၃၅ လုံး၊ ညလွှတ်မီးပုံးပျံ စုစုပေါင်း ၁၁၅ လုံး၊ နေ့လွှတ် အရုပ် စုစုပေါင်း ၂၇၉ လုံး၊ ညလွှတ်မီးပုံးပျံနှင့် နေ့လွှတ်အရုပ် စုစုပေါင်း ၃၉၄ လုံးတို့ကို ယှဉ်ပြိုင်လွှတ်တင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


