အရေပြားကျန်းမာရေးက မွေးစကနေစလို့ အသက်ကြီးရင့်တဲ့အထိ မဖြစ်မနေ ဂရုစိုက်သင့်တဲ့ အချက်တစ်ခုပေါ့။ အရေပြားကျန်းမာမှ ခန္ဓာကိုယ်ကရောဂါကင်းမှာပါ။ ဒီလိုပြောရတဲ့ အကြောင်းက အရေပြားက ခန္ဓာကိုယ်ရဲ့ခံတပ်ဖြစ်ပြီး ပြင်ပကရောဂါပိုးတွေ ဝင်မလာအောင် အကောင်းဆုံးကာကွယ်ပေးထားလို့ပါ။ ငယ်ရွယ်စဉ်မှာ အသားအရေထိခိုက်မှုက သိပ်မရှိလှပေမယ့် အသက်အရွယ်ရလာတဲ့အခါ အသားအရေထိခိုက်နိုင်ခြေက ပုံမှန်ထက်ပိုများ လာတတ်ပါတယ်။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာဖြစ်တတ်တဲ့ ပြင်းထန် အရေပြား ပြဿနာတစ်ခု အကြောင်းကို ပြောပြပေးပါရစေလား….

 

Atopic dermatitis (ဓာတ်မတည့်မှုကြောင့်ဖြစ်သော နှင်းခူ) ဆိုတာဘာလဲ……….

 

ဓာတ်မတည့်မှုကြောင့်ဖြစ်သော နှင်းခူဆိုတာက ပြင်းထန်တဲ့အရေပြားပြဿနာတစ်ခုပါ။ အရေပြားက နီရဲပြီး ယားယံတဲ့ အရေပြားပြဿနာတစ်ခုပါ။ ကလေးကစလို့ အသက်အရွယ် ကြီးရင့်သူတွေအထိ အရွယ်သုံးပါးစလုံးမှာ ခံစားရနိုင်ပါ။ ဒီအရေပြားပြဿနာက နာတာရှည် ပြဿနာတစ်ခုဖြစ်ပြီး အမြဲမဖြစ်နေတတ်ပေမယ့် ရာသီဥတုအခြေအနေကြောင့်ဖြစ်ဖြစ်၊ ဓာတ်မတည့်တာ တစ်ခုခုနဲ့ထိတွေ့မိတာကြောင့်ဖြစ်ဖြစ်၊ အစားအသောက် ဓာတ်မတည့်မှုကြောင့်ပဲ ဖြစ်ဖြစ် အရေပြားမှာဖြစ်လာတတ်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ၊ ချောင်းဆိုးတာ အအေးမိတာ၊ ဓာတ်မတည့်ရောဂါ အခြေအနေတွေကြောင့်လည်း ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့နှင်းခူကို ခံစားရနိုင်ပါတယ်။

 

ကုသဖို့နည်းလမ်းရောရှိလား…………….

 

ဒီအရေပြားပြဿနာကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ နည်းလမ်းကတော့ မရှိသေးပါဘူး။ ဒါပေမယ့် အရေပြားယားယံတာကို သက်သာစေဖို့နဲ့ ရောဂါအခြေအနေထပ်ဆိုးမလာစေဖို့တော့ ကိုယ်တိုင်သေချာလေး ဂရုစိုက်ပေးဖို့လိုပါမယ်။

 

ဘယ်လိုလက္ခဏာတွေရှိလဲ……..

 

ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့နှင်းခူဖြစ်တဲ့အခါ

 

•           အရေပြားခြောက်တာ

 

•           အရေပြားက မနေနိုင်အောင်ယားယံတာ (အထူးသဖြင့် ညပိုင်းတွေမှာပေါ့)

 

•           အရေပြားမှာ အနီရောင် ဒါမှမဟုတ် အညိုရောင်အကွက်တွေဖြစ်တာ( အထူးသဖြင့် တံတောင်ဆစ် အကွေးအဆန့်နေရာ၊ ဒူးခေါင်း အကွေးအဆန့်နေရာ၊ လက်ကောက်ဝတ်၊ လည်ဂုတ်၊ ရင်ဘတ်အပေါ်ပိုင်း၊ မျက်ခွံ၊ လက်နဲ့ ခြေထောက်တွေမှာဖြစ်တတ်ပါတယ်)

 

•           အရည်ကြည်ဖုသေးသေးလေးတွေထနေတတ်ပါတယ်

 

•           ကုတ်မိတဲ့အခါ ထိခိုက်လွယ်မယ်၊ ရောင်ရမ်းမယ်၊ ကုတ်ခြစ်ရာတွေက တော်တော်နဲ့မပျောက်ဘဲဖြစ်နေမယ်

 

ဘယ်လိုဂရုစိုက်ရမလဲ…………..

 

ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှင်းခူသက်သာစေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားပေးရပါမယ်။

 

•           အပြင်းစား ဆပ်ပြာတွေကိုရှောင်ပါ

 

•           အရေပြားကို အစိုဓာတ်ထိန်းပါ

 

•           အရေပြားကိုကျန်းမာစေနိုင်တဲ့ Cream တစ်မျိုးမျိုးပုံမှန်လူးပေးပါ

 

•           ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို တတ်နိုင်သမျှရှောင်ပါ

 

•           အမွှေးနံ့ပြင်းတဲ့ အရေပြားသုံးပစ္စည်းတွေကိုရှောင်ပါ

 

•           တိရစ္ဆာန်တွေနဲ့ မထိတွေ့မိအောင်ဂရုစိုက်ပါ

 

•           ဆေးလိပ်ဖြတ်ပါ

 

•           ဆေးလိပ်ငွေ့ရှောင်ပါ

 

•           ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါ အရေပြားကိုသေချာဂရုစိုက်ပေးပါ

 

•           ရေနွေးနဲ့ ရေမချိုးပါနဲ့

 

•           ရေကို အချိန်အကြာကြီးမချိုးပါနဲ့

 

•           ချည်သားပဲဝတ်ဆင်ပေးပါ။

 

အရေပြားကိုခြောက်သွေ့မှုကင်းအောင် ဂရုစိုက်လို့ ကုသရခက်တဲ့ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို အထိရောက်ဆုံးကာကွယ်လိုက်ပါ။ အရေပြားပြဿနာကင်းပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း………..

 

 

ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”