ပွင့်ဖြူ  ၅  နိုဝင်ဘာ   

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးလှိုင်ဦး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ကျေးရွာအတွင်းဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

mdn

 

ရွာသစ်ကုန်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် ရန်ပုံငွေကျပ်သိန်း (၅၀၀) ကျော် ထုတ်ချေးပေးထားကြောင်းနှင့် ပွင့်ဖြူမြို့နယ်အတွင်း  ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ်မှစ၍ ယခုအချိန်ထိ မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာ ၃၃ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငြိမ်းသူ(စလင်း)

 

mdn