သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(I)အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်၌ ကျင်းပရာ အိမ်ရှင်မြန်မာအပါအဝင် တောင်ကိုရီးယား၊ တရုတ်နှင့် စင်ကာပူအသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့သည်။
အုပ်စု (I) တွင် အာရှအင်အားကြီး တောင်ကိုရီးယားနှင့် တရုတ်အသင်း အပါအဝင် အာဆီယံမှ မြန်မာနှင့် စင်ကာပူ အသင်းတို့ ပါဝင်နေသည်။
မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက ''အဖွင့်ပွဲက အာရှထိပ်သီး တရုတ်အသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် အရမ်းကိုခက်ခဲမှာပါ။ ဒါပေမဲ့ သေချာပြင်ဆင်ထားပါတယ်။ အုပ်စုမှာ တောင်ကိုရီးယား၊ တရုတ်အသင်းတို့နဲ့ ပါဝင်နေတာက အမှန်တကယ် ခက်ခဲပါတယ်။ ခြေစစ်ပွဲအောင်ချင်တဲ့အတွက် အကောင်းဆုံးကြိုးစားမှာပါ''ဟု ပြောကြားသည်။
တရုတ်အသင်းနည်းပြချုပ် ချန်ယိုဒေါင်က ''အဖွင့်ပွဲတွေက ခက်ခဲလေ့ရှိပါတယ်။ ခြေစစ်ပွဲအောင်ဖို့အတွက် ပွဲတိုင်းရလဒ် ကောင်းဖို့ လိုပါတယ်။ အသင်းတိုင်းက တောင့်တင်းတဲ့အတွက် ခက်ခက်ခဲခဲ ကစားရမှာပါ''ဟု ပြောကြားသည်။
စင်ကာပူအသင်း နည်းပြချုပ် မိုဟာမက်ဂျူရီမီက ''အမာခံ ကစားသမားတချို့ ဒဏ်ရာပြဿနာတွေ၊ ကျောင်းကိစ္စတွေကြောင့် လိုက်ပါနိုင်ခြင်းမရှိလို့ ပြင်ဆင်မှုအပိုင်းမှာ ခက်ခဲပါတယ်။ ပြိုင်ဘက်တွေက အသင်းကောင်းတွေဖြစ်ပေမယ့် အကောင်းဆုံး ကြိုးစားမှာပါ။ အဖွင့်ပွဲဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ပွဲမှာလည်း ရလဒ်ကောင်းအောင် ကြိုးစားမှာပါ''ဟု ပြောကြားသည်။
တောင်ကိုရီးယား ယူ-၁၉ အသင်းနည်းပြချုပ် ဗြောင်ဆန်ဟွမ်က ''အသင်းတိုင်းက ပြိုင်ဘက်ကောင်းတွေ ဖြစ်တဲ့အတွက် တစ်ပွဲချင်းပဲ ပြင်ဆင်မှာပါ။ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ထားတာကြောင့်ပွဲတိုင်းရလဒ်ကောင်းအောင် ကြိုးစားမှာပါ''ဟု ပြောကြားခဲ့သည်။
ခြေစစ်ပွဲ အုပ်စု (I) ပထမနေ့ကို နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် တောင်ကိုရီးယား အသင်းနှင့် စင်ကာပူအသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် တရုတ်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။