သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်
ဖိလစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ်(၃၀)မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲစတင်ရန် ရက် ၂၀ ကျော်သာ လိုတော့ပြီး မြန်မာအားကစား အဖွဲ့များအနေဖြင့် အောင်မြင်မှုရရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၃၀ ကျော်ဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး လှေလှော်အားကစားနည်းလည်း အပါအဝင် ဖြစ်သည်။
မြန်မာလှေလှော်အဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲတွင် လှေလှော်အားကစားနည်း ပါဝင်သည့်အကြိ်မ်တိုင်း နိုင်ငံအတွက် အောင်မြင်မှု များစွာ ရယူပေးနိုင်ခဲ့ပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွင် လှေလှော်အားကစားနည်း မပါဝင်သောကြောင့် ယှဉ်ပြိုင်ခွင့် မရသော်လည်း ယခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပြန်လည်ပါဝင်လာသောကြောင့် အောင်မြင်မှုရရန် လေ့ကျင့်ပြင်ဆင် လျက်ရှိသည်။
ဆီးဂိမ်းလှေလှော် အားကစားနည်းတွင် ရိုးရာလှေ၊ ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲအမျိုးအစားတို့ ပါဝင်မည်ဖြစ်ပြီး မြန်မာလှေလှော် အဖွဲ့အနေဖြင့် ပြိုင်ပွဲအမျိုးအစား ၁၉ မျိုးတွင် ၁၇ မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာလှေလှော်အဖွဲ့သည် ပဏာမကစားသမား ၇၂ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး ကစားသမား ၅၀ ဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာလှေလှော်အဖွဲ့သည် ရိုးရာလှေပြိုင်ပွဲ၌ အမျိုးသား+အမျိုးသမီး (၂၂) တက်လှော် မီတာ (၁၀ဝ၀) ပြိုင်ပွဲ၊ မီတာ (၅၀ဝ) ပြိုင်ပွဲ၊ မီတာ (၂၀ဝ) ပြိုင်ပွဲ၊ အမျိုးသား (၁၂) တက်လှော် မီတာ ၂၀ဝ ပြိုင်ပွဲ၊ အမျိုးသား လေးယောက်လှော် မီတာ ၅၀ဝ ပြိုင်ပွဲ၊ အမျိုးသမီး လေးယောက်လှော် မီတာ ၂၀ဝ ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲ၌ အမျိုးသား ကိုယ်ပေါ့ တစ်ယောက် လှော်ပြိုင်ပွဲ၊ အမျိုးသား ကိုယ်ပေါ့နှစ်ယောက်လှော်ပြိုင်ပွဲ၊ အမျိုးသားနှစ်တက်လှော်ပြိုင်ပွဲ၊ အမျိုးသမီး ကိုယ်ပေါ့တစ်ယောက် လှော်ပြိုင်ပွဲ၊ အမျိုးသမီးကိုယ်ပေါ့ နှစ်ယောက်လှော်ပြိုင်ပွဲ၊ အမျိုးသမီးနှစ်တက်လှော်ပြိုင်ပွဲ၊ ကနူး/ကယက်ပြိုင်ပွဲ၌ အမျိုးသား ကနူး နှစ်ယောက်လှော် မီတာ ၁၀ဝ၀ ပြိုင်ပွဲ၊ မီတာ ၂၀ဝ ပြိုင်ပွဲ၊ အမျိုးသား ကနူး တစ်ယောက်လှော် မီတာ ၁၀ဝ၀ ပြိုင်ပွဲ၊ မီတာ ၂၀ဝ ပြိုင်ပွဲ၊ အမျိုးသား ကယက်လှေ တစ်ယောက်လှော် မီတာ ၁၀ဝ၀ ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာလှေလှော် အားကစားသမားများအနက် ရိုးရာလှေ အားကစားသမားများကို ဦးဝင်းဖေ၊ အပြည်ပြည်ဆိုင်ရာ လှေ အားကစားသမားများကို နည်းပြချူပ် အရာခံဗိုလ်ကျော်ဝင်း၊ နိုင်ငံခြားသားနည်းပြ ဖီးလစ်မာတင် (အင်္ဂလန်)၊ ကနူး/ကယက် ကစားသမားများကို နည်းပြချုပ်အဖြစ် ဦးခင်မောင်မြင့်၊ နိုင်ငံခြားသားနည်းပြ ဝမ်ချောင်(တရုတ်)တို့က တာဝန်ယူ လေ့ကျင့်ပေးလျက် ရှိသည်။
မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုအဖြစ် ယခုနှစ်အတွင်း ကျင်းပသည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထိုက်သင့်သည့် အောင်မြင်မှုများရခဲ့သလို ၂၀၁၈ ခုနှစ်က ဝင်ရောက် ယှဉ်ပြိုင်သည့် (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုနှင့် လွဲချော်ခဲ့သောကြောင့် ယင်းပြိုင်ပွဲမှာ အားနည်းချက်များကို ပြန်လည်ပြင်ဆင်ကာ နည်းစနစ်မှန်မှန်၊ ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင် လျက်ရှိသည်။
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းသည် လှေလှော်အားကစားသမားများ စိတ်ဓာတ်တက်ကြွလာစေရန် ဆောင်ရွက်ပေးလျက်ရှိသလို ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရပါကလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။