နေပြည်တော် ၅ နိုဝင်ဘာ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ သတ္တမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာနိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များဖြစ်ကြသော ဦးမြင့်မောင်၊ ဦးညီပု၊ ဦးဖြိုးမင်းသိန်းနှင့် ဦးလှမိုးအောင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာစောညိုဝင်းနှင့် ဒေါက်တာမင်းကြည်ဝင်း၊ စစ်ဦးစီးဗိုလ်မှူးချုပ်(ရေ) ဗိုလ်မှူးချုပ်ဇော်ဇော်လတ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေက ယနေ့ ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ သတ္တမအကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးများဖြစ်သည့် ပထမအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၉)ချက်၊ ဒုတိယအကြိမ်တွင် (၅)ချက်၊ တတိယအကြိမ်တွင် (၉)ချက်၊ စတုတ္ထအကြိမ်တွင် (၁၀)ချက်၊ ပဉ္စမအကြိမ်တွင် (၇)ချက်၊ ဆဋ္ဌမအကြိမ်တွင် (၇)ချက်၊ စုစုပေါင်း အစည်းအဝေးဆုံးဖြတ်ချက် (၄၇)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၃၈)ချက်၊ ဆောင်ရွက်ဆဲ (၉)ချက်ရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်များကို ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ အကြံပေးကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကော်မတီ (၆)ဖွဲ့နှင့် ခရိုင်အဆင့်ကော်မတီ (၁၃)ဖွဲ့တို့က ကမ်းရိုးတန်းဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေကြကြောင်း သိရသည့်အတွက် မိမိအနေဖြင့် ကျေနပ်အားရမိပါကြောင်း။

ယခုအခါ ကမ္ဘာကြီးသည် ပိုမိုပူနွေးလာပြီး ရာသီဥတု ပြောင်းလဲမှုများဖြစ်ပေါ်ကာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အပူချိန်သည်လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း စံချိန်တင်အမြင့်မားဆုံး ဖြစ်ခဲ့သည်ဟု သိရပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေထုပူနွေးလာခြင်း၊ ရေခဲပြင်များအရည်ပျော်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မုန်တိုင်းများ ပြင်းထန်စွာကျရောက်လာခြင်း စသည့်တို့ ဖြစ်ပေါ်လာပြီး လူသားများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့အပေါ် ဆိုးကျိုးများ သက်ရောက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ယခုနှစ်စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ကျင်းပခဲ့သည့် “၂၀၁၉ ခုနှစ်၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာညီလာခံ”တွင် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို လျှော့ချနိုင်ရေးအတွက် အဓိကဦးစားပေး ဆောင်ရွက်မည့် လမ်းစဉ်(၆)သွယ်ကို ကမ္ဘာတစ်ဝန်း လိုက်နာဆောင်ရွက်သွားနိုင် ရန်ချမှတ်ပေးခဲ့ပါကြောင်း၊ အဆိုပါလမ်းစဉ်(၆)သွယ်မှာ “စွမ်းအင်ကဏ္ဍပြုပြင်ပြောင်းလဲခြင်း”၊ “ရာသီဥတုပြောင်းလဲမှုနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေရင်းနှီးမြှုပ်နှံခြင်း”၊ “စက်မှုကဏ္ဍပြုပြင်ပြောင်းလဲခြင်း”၊ “သဘာဝကို အခြေခံဖြေရှင်းသည့် နည်းလမ်းများကျင့်သုံးခြင်း”၊ “မြို့ပြမှကျေးလက်အထိ ရာသီပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ အစီအမံများ ထည့်သွင်းဆောင်ရွက်ခြင်း” နှင့် “ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ နေထိုင်နိုင်ရေးနှင့် ကြံ့ကြံ့ဒဏ်ခံနိုင်ရေးနည်းလမ်းများ မြှင့်တင်ဆောင်ရွက်ခြင်း” တို့ ဖြစ်ပါကြောင်း။

ရာသီဥတုပြောင်းလဲရေးအတွက် ဦးစားပေးဆောင်ရွက်မည့် လမ်းစဉ်(၆)သွယ်သည် မိမိတို့ ဆောင်ရွက်နေသည့် ဘက်စုံကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်ပတ်သက်နေပါကြောင်း၊ အဆိုပါနည်းလမ်း (၆)သွယ်အနက် တိုက်ရိုက်ပတ်သက်နေသည့်” သဘာဝကို အခြေခံဖြေရှင်းသော နည်းလမ်းများ ကျင့်သုံးခြင်း”အကြောင်းကို အနည်းငယ် ဖြည့်စွက်ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းအရှည်၂၈၃၂ ကီလိုမီတာတွင်  ဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ကျွန်းစုများ၊ မြစ်ဝကျွန်းပေါ်များဖြင့် စုံလင်စွာ တည်ရှိနေပါကြောင်း၊ ထိုသို့ သဘာ၀အလျောက်တည်ရှိနေသည့် သဘာဝဂေဟစနစ်များအပေါ် မှီခိုပြီး ငါးသယံဇာတ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်နေကြသဖြင့် နိုင်ငံသားအားလုံးအတွက် စားနပ်ရိက္ခာဖူလုံရေးကို စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိပါကြောင်း။

ထို့အပြင် ရာသီဥတုပြောင်းလဲမှုကို အဓိကဖြစ်စေသော ဖန်လုံအိမ်အာနိသင် ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များကို ဒီရေတောနှင့် ကမ်းရိုးတန်း ဂေဟစနစ်များက အမြောက်အမြား စုပ်ယူသိုလှောင်ထားသဖြင့် အဆိုပါ ထိန်းသိမ်းသိုလှောင်ပေးထားသည့် ကာဗွန်များကို အပြာရောင်ကာဗွန်ဟု တင်စားခေါ်ဝေါ်ပါကြောင်း၊ ထို့ကြောင့် ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ကမ္ဘာတစ်ဝန်း မြှင့်တင်ဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များမှာ အပြန်အလှန်အကျိုး သက်ရောက်လျက်ရှိနေခြင်းကြောင့် ကမ်းရိုးတန်းသယံဇာတများ ပျက်စီးပြုန်းတီးခဲ့လျှင် ကာဗွန်ထုတ်လွှတ်မှုများဖြစ်ပေါ်စေပြီး ရာသီဥတုပြောင်းလဲမှုကို ပိုမိုဆိုးရွားစေမှု ဖြစ်ပေါ်နိုင်သကဲ့သို့ ရာသီဥတုပြောင်းလဲမှုများကြောင့် ထိခိုက်လွယ်သည့် ကမ်းရိုးတန်းသယံဇာတများမှာလည်း အလျင်အမြန် ပျက်စီးပြုန်းတီးသွားမည် ဖြစ်ပါကြောင်း။

အလားတူ ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒီရေတောများ ခုတ်ထွင်သုံးစွဲခြင်းကြောင့် ကမ်းပါးပြိုတိုက်စားမှု၊ နှုန်းအနည်ကျမှုများဖြစ်ပေါ်စေကာ ရေထုအတွင်း ငါးများ၏ရှင်သန်ရပ်တည်မှုကို ထိခိုက်ပျက်စီးစေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ်းပါးပြိုတိုက်စားမှုထိန်းချုပ်ခြင်း လုပ်ငန်းများတွင် ကွန်ကရစ် အဆောက်အအုံများ ဆောက်လုပ်၍ ကာကွယ်ခြင်းထက် ဒီရေတောများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဒီရေတောများ ထိန်းသိမ်းကာကွယ်ခြင်း စသည့် အစိမ်းရောင်အကာအရံတံတိုင်းများ ပြုစုတည်ထောင်ခြင်းကဲ့သို့ သဘာဝအခြေခံ ဖြေရှင်းသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လာကြခြင်း ဖြစ်ပါကြောင်း၊ထို့အပြင် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဆိုင်ရာ စီးပွားရေးလုပ်ငန်းများဖြစ်သည့် ပင်လယ်ရေကြောင်း ခရီးသွားလာရေးလုပ်ငန်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများကိုလည်း  အပြာရောင်စီးပွားရေးဟု တင်စားခေါ်ဝေါ်ကြပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့်နည်းလမ်းများကိုလည်း လိုက်နာကျင့်သုံးကြရန် နှိုးဆော်ဆောင်ရွက်လျက်ရှိကြပါကြောင်း။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(၂၀၁၈-၂၀၃၀) ကို ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်း၌ မဏ္ဍိုင်ကြီး (၃)ရပ်နှင့် ပန်းတိုင် (၅)ရပ် ချမှတ်ထားပြီး မဏ္ဍိုင်(၃)ရပ်အနက် နံပါတ်စဉ်(၃)တွင် “လူသားများနှင့်ကမ္ဘာမြေ”ဟုလည်းကောင်း၊ ပန်းတိုင် (၅)ရပ်အနက် နံပါတ်စဉ် (၅)တွင် “တိုင်းပြည်သာယာဝပြောစေရေးအတွက် သဘာဝသယံဇာတအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်တို့အား ထိန်းသိမ်းကာကွယ်ရေး” ဟုလည်းကောင်း ဖော်ပြထား၍ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ ဆောင်ကြဉ်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ဖြစ်သည့် “ပဲရစ်သဘောတူညီချက်”တွင်လည်း ကတိကဝတ်ပြု လက်မှတ်ရေးထိုးပြီး ၂၀၃၀  ခုနှစ်အရောက်တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို “သစ်တောနယ်မြေ” နှင့် ၁၀ ရာခိုင်နှုန်းကို “သဘာဝထိန်းသိမ်းရေးနယ်မြေ”များ ဖွဲ့စည်းတည်ထောင်ရန် ရည်မှန်းချက် ချမှတ်ထားပါကြောင်း၊ ထိုသို့ထိန်းသိမ်းကာကွယ်ရာတွင် ကမ်းရိုးတန်းဒေသ သဘာဝသယံဇာတများဖြစ်သည့် ဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ကျွန်းစုများနှင့် မြစ်ဝကျွန်းပေါ်တို့တွင် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ သဘာဝသယံဇာတများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းအားဖြင့် ကျွဲကူးရေပါဆိုသလို ကမ်းရိုးတန်းဂေဟ စနစ်များက ပံ့ပိုးပေးလျက်ရှိသည့် ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူးများကို လက်တွေ့ရရှိကြမည်ဖြစ်ကြောင်း။

နိုင်ငံ၏ လူမှုစီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက် သာယာဝပြောစေရန်အတွက် သဘာဝအရင်းအမြစ်များမှာ အခြေခံအုတ်မြစ်ဖြစ်သည်ကို အားလုံးသိရှိကြပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရန်၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကို လျှော့ချနိုင်ရန်နှင့် ယင်းဖြစ်စဉ်များနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နေထိုင်နိုင်ရန်တို့အတွက် သဘာဝကိုအခြေခံဖြေရှင်းသည့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားပြီးနိုင်ငံအတွက် အရေးပါသည့် သဘာဝအရင်းအမြစ်တစ်ရပ်ဖြစ်သည့် ကမ်းရိုးတန်းသယံဇာတများကို သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးပြု နိုင်ရေးအတွက် ရှေးရှု၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ဦးဆောင်ကာ အားတက်သရော ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း။

နိဂုံးချုပ်အနေဖြင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ချမှတ်ထားသည့်လုပ်ငန်း တာဝန်များနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊  လုပ်ငန်းဆောင်ရွက်ရာ တွေ့ကြုံနေရသည့်အခက်အခဲများ၊  ဆက်လက်ဆောင်ရွက်ရမည့် စီမံချက်များနှင့် လိုအပ်သည့် အကြံပြုချက်များအား ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ အသိပညာပေး ဗီဒီယိုမှတ်တမ်းပြသမှုကို ကြည့်ရှုသည်။

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်မှု အခြေအနေများနှင့် ဗဟိုကော်မတီက ဆုံးဖြတ်ပေးရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူနှင့် ဦးအုန်းဝင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးမြင့်မောင်၊ ဦးညီပု၊ ဦးဖြိုးမင်းသိန်းနှင့် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ စောညိုဝင်း၊ ဒေါက်တာမင်းကြည်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ စစ်ဦးစီး ဗိုလ်မှူးချုပ်(ရေ) ဗိုလ်မှူးချုပ်ဇော်ဇော်လတ်၊ အမြဲတမ်းတွင်းဝန်များနှင့် တာဝန်ရှိသူများက နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ကဏ္ဍအလိုက်စီမံဆောင်ရွက်လျက်သည့် လုပ်ငန်းအခြေအနေများ၊ သဘာဝဘေး အန္တရာယ်များ လျော့နည်းစေရေးအတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ တည်ထောင်သွားမည့် အခြေအနေများ၊ သယံဇာတများ ရေရှည်တည်တံ့ရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်မည့် သီးနှံများစိုက်ပျိုးနိုင်ရေးအတွက် စမ်းသပ်နေမှုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရေးအတွက် ပိုးသတ်ဆေးများ စစ်ဆေးခွင့်ပြုပေးနေမှုအခြေအနေများ၊ ရာသီဥတုပြောင်းလဲမှုလုပ်ငန်းစဉ်များနှင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ တိုးတက်ကောင်းမွန်စေရေးအတွက် ဘက်စုံဆောင်ရွက်မည့် အစီအမံများ၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးဖန်တီး ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ဥပဒေပိုင်းဆိုင်ရာ အကြံပြုတောင်းခံခြင်းများအပေါ် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ပြည်တွင်း၊ ပြည်ပ တရားမဝင်ငါးဖမ်းရေယာဉ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဖမ်းဆီးဆောင်ရွက်နေမှု အခြေအနေများနှင့် VMS စနစ် ကျယ်ပြန့်စွာတပ်ဆင်သုံးစွဲ နိုင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်