နေပြည်တော် ၅ နိုဝင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီး Mr. E Jingping နှင့်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းဆိုင်ရာများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ရေအရင်းအမြစ်ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။
နားလည်မှုစာချွန်လွှာအရ ရေအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ၊ မူဝါဒနှင့် စီမံချက်များရေးဆွဲခြင်း၊ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေကြီးရေလျှံမှုနှင့် မိုးခေါင်ခြောက်သွေ့ခြင်းဆိုင်ရာ သဘာဝဘေးအန္တရာယ်များ စီမံခန့်ခွဲခြင်း၊ ရေဘက်ဆိုင်ရာ အချက်အလက်များ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ခန့်မှန်းခြင်း၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် နည်းပညာဆိုင်ရာ သင်တန်းများပေးခြင်း၊ နှစ်နိုင်ငံ သဘောတူညီသည့် အခြားရေအရင်းအမြစ် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးနှင့်အဖွဲ့ကို နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံသည်။
တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးသည် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၌ ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


