နေပြည်တော် ၅ နိုဝင်ဘာ

မြန်မာနိုင်ငံ၏ ဦးစားပေးဆောင်ရွက်ရမည့် သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု (FLEGT) လုပ်ငန်းစဉ်များနှင့် လမ်းပြမြေပုံ(မူကြမ်း) ရေးဆွဲနိုင်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက FRA 2015 စာရင်းအရ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း နှစ်စဉ် ပျမ်းမျှသစ်တောပြုန်းတီးမှုသည် နိုင်ငံ့ဧရိယာ၏ ၁ ဒသမ ၇၂ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိသစ်တောဖုံးလွှမ်းသော နိုင်ငံများအနက် သစ်တောပြုန်းတီးမှု တတိယအများဆုံး နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် စီမံကိန်းများ ပြင်ဆင်ရေးဆွဲ အတည်ပြုပြဋ္ဌာန်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ဥရောပသမဂ္ဂအစီအစဉ်ဖြင့် သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုနှင့် ဆန္ဒအလျောက် မိတ်ဖက်အဖြစ်သဘော တူညီမှု လုပ်ငန်းစဉ်ကိုလည်း ပါဝင်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့် သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု အစီအစဉ်များ၊ လမ်းပြမြေပုံမူကြမ်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ရလဒ်ကောင်းများ ဆွေးနွေးဖော်ထုတ်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် European Commission မှ Director General of Environment, Mrs. DortePardo Lopez က နှုတ်ခွန်းဆက်စကားပြောကြားပြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဖြိုးဇင်မွန်နိုင်က ၂၀၁၄-၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ သစ်တော မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းစဉ်များတိုးတက်မှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားအဆင့် သုံးပွင်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူများက အမျိုးသားအဆင့်သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ တရားဝင်သစ် အဓိပ္ပါယ်ဖွင့်ဆိုမှုဆိုင်ရာ ကိစ္စရပ်များ၊ FLEGTလမ်းပြမြေပုံ မူကြမ်းရေးဆွဲရေး ဆိုင်ရာများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်သစ်များကို ဝိုင်းဝန်းဆွေးနွေးကြသည်။

သတင်းစဉ်