မိုးညှင်း ၆   နိုဝင်ဘာ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပုညရှင် စက္ခုပါလဆေးရုံ၌ ယခုလ ၃ရက်နေ့မှ၅ရက် နေ့အထိ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါ်နုနုယဉ်နှင့်အဖွဲ့က  မျက်စိရောဂါ ဝေဒနာရှင် ၈၆ ဦးအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းသည် ကချင်ပြည်နယ် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၏ ပံ့ပိုးကူညီမှုဖြင့် အခမဲ့ဆေးဝါးကုသရေးလုပ်ငန်းကို အောက်တိုဘာလ ၂၅ရက်မှ ၂၇ရက်နေ့အထိ ဟိုပင်အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မျက်စိရောဂါ အပါအဝင် ရောဂါ (၁၀)မျိုးအားစမ်းသပ်စစ်ဆေးကုသပေးခဲ့ရာ မျက်စိခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ယခုကဲ့သို့ ခွဲစိတ်ပေးခြင်းဖြစ်ကြောင်း ရွှေပါရမီဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင် ဦးညီညီကပြောကြားသည်။

 

 ခွဲစိတ်ပေးရမည့်လူနာပေါင်း၁၁၃ဦးရှိတယ်၊ကျွန်တော်တို့ ၃ရက်နေ့ ညနေက စခွဲတယ်၊မျက်စိ ခွဲစိတ်ရမယ့် လူနာတော်တော်များများလာတယ်၊ တချို့လည်း သူတို့ရဲ့ကျန်းမာရေးအခြေအနေ ကြောင့် မခွဲစိတ်ရဘဲ ပြန်လွှတ်လိုက်ရတယ်၊ အဓိက ဆီးချိုတက်နေတဲ့ သူတွေရယ်၊ သွေးတိုးနေ တဲ့လူနာတွေကို မခွဲစိတ်လိုက်ရဘူးဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံအတွင်း အနယ်နယ်အရပ်ရပ်များတွင် အခမဲ့ ဆေးဝါးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုအကြိမ်သည် (၄၃)ကြိမ်မြောက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)