အိမ်မဲ ၆ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အိမ်မဲမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် သုံးထပ် ကွမ်းလူရည်ချွန် မယမင်းကြည်ဖြူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနားတွင် ရွေညီလာခန်းမ၌ ကျောင်းသားကျောင်းသူလေးများအဖွဲ့မှ ကလေးစာပေပွဲတော် သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က “ယနေ့ဖွင့်လှစ်တဲ့ ကလေးစာပေပွဲတော်(အိမ်မဲ)ဟာ ဧရာဝတီတိုင်းဒေသကြီးမှာ တတိယအကြိမ်မြောက် ဖွင့်လှစ်လိုက်တာဖြစ်တယ်။ မြို့နယ်တိုင်းမှာ ကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ မြို့ပေါ် ရပ်ကွက်တိုင်း မှာ နေထိုင်ကြတဲ့အခြေခံပညာ ကျောင်းသားအရွယ် ကလေးများသာမကဘဲ ကျေးရွာများပါ နေထိုင်ကြ တဲ့ ကလေးများပါ ပါဝင်ဆင်နွှဲနိုင်ပြီး စာပေပွဲတော်က ပေးတဲ့အတွေ့အကြုံ အသိ အလိမ္မာများ ရရှိစေဖို့၊ ကလေးများ စာအုပ်စာပေမှာ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေဖို့ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊အတွင်းရေးမှူးကိုယ်စား မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး က ကလေးစာပေပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး၊ ဆရာဦးစိုးလင်းရေးသားသော "ပါဝင်နွှဲပျော် ကလေးစာပေပွဲတော်"သီချင်းသီဆိုဖျော်ဖြေခဲ့သည်။
ယင်းနောက် "ပြည်ထောင်စုကြီး တို့ရဲ့မြန်မာ"သီချင်း၊"မင်္ဂလာပါ"သီချင်း၊"မိုးဇာဗြော" သီချင်း တို့ဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ပြပွဲ၊ပြိုင်ပွဲ ကျင်းပနေပုံများ၊ ကလေးစာပေပြပွဲ နှင့်စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့််ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးစာပေပွဲတော်(အိမ်မဲ)တွင် ကရင်တိုင်းရင်းသားရိုးရာ ဒုံးယိမ်းအကနှင့်ဝါးညှပ်အက တယောအဖွဲ့၊ ကျောက်ဆည်ဆင်အကအဖွဲ့၊ ဘင်ခရာနှင့်ပန်းဖွားအကအဖွဲ့များ ပါဝင်ဖျော်ဖြေခဲ့ကြပြီး၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊မြန်မာယူနီကုဒ်စနစ် ပြောင်းလဲခြင်းဆိုင်ရာ လက်တွေ့လုပ်ဆောင်ခြင်းပြခန်းတို့ ပါဝင်ကြောင်း သိရသည်။
သတင်း -ခရိုင်ပြန်/ဆက်
ဓာတ်ပုံ -ဝင်းကြိုင်(ကျောင်းကုန်း)၊
လွှမ်းသီသ(ဝါးခယ်မ)


