ဘားအံ ၆  နိုဝင်ဘာ

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲ အထိမ်းအမှတ်ပွဲတော်ကို ပျော်ပွဲရွင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ စင်တင် တေးဂီတဖျော်ဖြေပွဲများ၊ ဇာတ်သဘင် အနုပညာအကအလှ၊ ဒုံးအကပြိုင်ပွဲများ၊ ဈေးရောင်းပွဲတော်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီက  (၆၄) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် စတုတ္ထအကြိမ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ဘားအံမြို့ ကန်သာယာအတွင်း၌ ကျင်းပသည်။

 

mdn

 

အဆိုပါပြိုင်ပွဲအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးလှိုင်၊ သဘာဝပန်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးမင်းကိုခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 ထိုပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ၊ ရပ်ကွက်/ကျေးရွာများမှ  အမျိုးသား ငါးတက်လှော် ၁၅ သင်း၊ အမျိုးသား (၃) တက်လှော် ၁၇ သင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ၂၀ ဦး၊ အမျိုးသမီး (၅) တက်လှော် ၉ သင်း၊ အမျိုးသမီး (၃) တက် လှော် ၁၀ သင်း၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲဝင် ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား နိုဝင်ဘာ (၇) ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်းများအား မဲစနစ်ဖြင့် မဲနိုက်၍ စံချိန်ဖြင့် ပထမအဆင့်ကို ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ အသင်းအားလုံး၏ ရရှိလာသည့်စံချိန်ကိုယူ၍ အကောင်းဆုံး(၈)သင်းကို ဒုတိယအဆင့် ရှုံးထွက်ပြိုင်ပွဲကို ယှဉ်ပြိုင်စေ၍ နောက်ဆုံးအဆင့် လေးသင်းကိုမဲစနစ်ဖြင့်တွဲ၍ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲကို ယှဉ်ပြိုင် စေမည်ဖြစ်ကြောင်း သိရသည်။

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ဒေသအတွင်း တိမ်မြုပ်လုနီးပါး အနေအထားသို့ ရောက်ရှိနေသော မြန်မာ့ရိုးရာ လှေလှော်အားကစားနည်းကို ပြန်လည်၍ ဖော်ထုတ်သည့်အနေ့ဖြင့် သော်လည်ကောင်း၊ ပျော်ပွဲရွှင်ပွဲတစ်ရပ်အနေဖြင့်သော်လည်ကောင်း၊ ဒေသခံပြည်သူလူထုတို့၏ စည်းလုံးညီညွှတ်မှု အချင်းချင်း ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသော လှေလှော်အသင်းများအား ဆုများထိုက်တန်စွာချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)