မန္တလေး ၆ နိုဝင်ဘာ

 

ပုဂံဒေသရှိ နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့သော မြင်းပြဂူဘုရားအား Getty Conservation Institute   မှ ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည် ။

 

အဆိုပါ ဘုရားအားပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ထိန်းသိမ်းမည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရန် စတင်မိတ်ဆက်ခဲ့သည် ။

 

"ပုဂံဒေသက ရတနာတစ်ခုပါ ။ ကျယ်ပြန့်တယ် ယဉ်ကျေးမှု ရှု့ခင်းတွေက ပုဂံသားတွေအတွက် အထိမ်းအမှတ်တစ်ခုဖြစ်တယ် ။ ဒါတင်မက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ဖော်ပြလိုက်တဲ့ အတွက် ကမ္ဘာတစ်ဝှမ်းက လူများအတွက်လဲ အထိမ်းအမှတ်တစ်ခုဖြစ်ပါတယ် " ဟု Getty Conservation Institute မှ Director Tim  Whalen  ကပြောသည် ။

 

ထို့ပြင် ပုဂံဒေသရှိ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဘုရားများကို အနာဂတ် မျိုးဆက်များအတွက်  ထိန်းသိမ်း  ကာကွယ်မှုများ ပိုမိုလုပ်ကိုင်ရန် လိုအပ်ပြီး နားလည်မှု ပိုမိုရှိလာ စေရန် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စတင်ဆောင်ရွက် သည့် လုပ်ငန်းများ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည် ။

 

"ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဘုရားများကို ပြုပြင်ထိန်းသိမ်းရန်အတွက် ယူနက်စကိုမှ ကျွမ်းကျင် ပညာရှင်များ Getty အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး လုပ်ငန်းတာဝန်များကို  ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ အခု ဆောင်ရွက်မယ့် မြင်းပြ ဂူဘုရားကို နမူနာအဖြစ် ပြသရင် ပုဂံဒေသရှိ အမွေအနှစ်များကို ရေရှည် စောင့်ရှောက်ရန်အတွက် အကျိူးရှိတဲ့ စံပြ နည်းလမ်းများ ဖြစ်တယ် ဆိုတာ တွေ့ရှိမှာပါ" ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကြည်မင်း ကပြောသည်။

 

ပုဂံဒေသကို အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ပြီးခဲ့သည့်ဇွန် ၃၀ရက်နေ့ မှဇူလိုင်လ ၁၀ရက်နေ့ထိ ကျင်းပခဲ့သော ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် တရားဝင် ကြေညာပေးခဲ့သည် ။

 

၂၀၁၆ ခုနှစ်အတွင်းက မကွေး တိုင်းဒေသကြီး ချောက်မြို့နယ်ကို ဗဟိုပြုပြီးလှုပ်ခတ်သွားသည့် ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား၊ စေတီ အဆူ ၄၀ဝခန့် ပျက်စီးသွားသည့် အတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များက ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များကို ယခုထိတိုင် လုပ်ကိုင်နေရကြောင်း သိရသည်။

 

ပုဂံဒေသကို သမိုင်းမှတ်တမ်းအရ ခရစ်နှစ် ၁၀၇ ခုနှစ်က ညောင်ဦးမြို့ တောင်ဘက် ကျောက်ပန်းတောင်း မြို့ဘက်အထွက် တုရွင်းတောင်၏ အရှေ့ဘက် တစ်မိုင်ခန့်ရှိ ယုန်လွှတ်ကျွန်း အရပ်တွင် သမုဒ္ဒရာဇ်မင်းက ကျေးရွာပေါင်း (၁၉) ရွာဖြင့် စတင် တည်ထောင်ခဲ့ပြီး ပုဂံမင်းဆက် (၃၄) ဆက်မြောက် ဘုရင်ပျဉ်ပြား မင်းလက်ထက် (၈၄၉) ခုနှစ်တွင် ယခုလက်ရှိ နေရာဖြစ်သော စေတုတ္ထပုဂံ ပြည်ကြီးကို တည်ထောင်ခဲ့သည်။   

 

ယင်းပုဂံမြေပေါ်တွင် ပုဂံမင်းဆက်များနှင့် ပုဂံဒေသရှိ ပြည်သူလူထုတို့ တည်ထား ကိုးကွယ်ခဲ့သော ဘုရားပေါင်း (၄၄၄၆၇၃၃) ဆူ တစ်စုတစ်ဝေးတည်း တည်ရှိရာ ဗုဒ္ဓဘာသာဝင်တို့၏ သမိုင်းဝင် ဒေသ ဖြစ်သည်။

 

သူရိန်လင်း