မင်းလှ ၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှ မြို့နယ် အတွင်းရှိ ကျေးရွာ၁၁ရွာ၌ သောက်သုံရေများ ဖူလုံစွာ ရရှိစေရေး ရည်ရွယ်၍ ၂၀၁၉ - ၂၀၂၀ခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ၏ ခွင့်ပြုရန်ပုံငွေများဖြင့် မြေသားရေကန် တူးဖော်ခြင်း၊ ရေစက်ရုံ တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေပိုလွှဲပြုပြင်ခြင်း၊ ရေစုကန် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာများမှာ ရွာသာလှ၊ တလုတ်ရင်း(အရှေ့)၊ ပျဉ်ပင်စမ်း၊ ငလှိုင်၊ ဆုံကုန်း၊ ပင်္ဂ၊ မင်းတဲကြီး၊ ရွာသာယာ၊ ရေခါး၊ သဖန်းချောင်း၊ ကံ(တောင်) ကျေးရွာများ ဖြစ်ပြီး ယင်းကျေးရွာ ၁၁ ရွာ၌ မြေသား ရေကန် ၈ကန်၊ ရေပိုက်လိုင်းသွယ်တန်းခြင်း ၅၂၀ဝ၀ ပေ၊ ရေစက်ရုံ ၂ ခု၊ ဂါလံ ၅၀ဝ၀ဆံ့ အုတ်ရေကန် ၂ ခု၊ ရေပိုလွှဲပြုပြင်ခြင်း လုပ်ငန်း ၁ခုတို့အား မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြု ရန်ပုံငွေများဖြင့်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကပြောသည်။
အဆိုပါ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာရှိအိမ်ခြေ ၁၂၂၉ မှ လူဦးရေ ၄၉၁၅ ဦးတို့၏ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။
ငြိမ်းသူ(စလင်း)


