မုံရွာ ၆ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၅)မြို့နယ်နှင့် စိုက်ပျိုးရေးခြံ (၆)ခြံတွင် အကောင်အထည် ဖော် လုပ်ဆောင်မည့် ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်း ဆိုင်ရာ တန်ဖိုး ကွင်းဆက် စီမံကိန်းဆွေးနွေးပွဲကို မုံရွာမြို့၊ ဝင်းယူနတီဟိုတယ် အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်(၉) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းစီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာများမှ သိရှိစေပြီး လိုအပ်သော အကြံဉာဏ်များ ရယူပြီး စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
၎င်းစီမံကိန်းတွင် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရန် အပူပိုင်းဇုန်အတွင်း အဓိကစိုက်ပျိုး လျက်ရှိသော စပါး၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ တန်ဘိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရန် ဦးတည်ပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ တန်ဘိုးကွင်းဆက် တွေဖွံ့ဖြိုးတိုးတက်ရန် အခြေခံ အဆောက်အဦများ ခေတ်မီလာရန် အဆင့်မြှင့်တင်တဲ့လုပ်ငန်းများပါဝင်ပြီး စိုက်ပျိုးရေးခြံများတွင် ဒေသနှင့် ကိုက်ညီသော ရာသီဥတုဒဏ်ခံနိုင်သည့် မျိုးစေ့များထုတ်လုပ်ရေး၊ သုတေသန လုပ်ဆောင်ခြင်း၊ ရရှိလာသည့်မျိုးစေ့များကို ဒေသခံတောင်သူများသို့ ဖြန့်ဝေခြင်း၊ စိုက်ပျိုးနည်း စနစ်သစ်များကို အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ စီမံကိန်းအတွင်း ပါဝင်သည့် မြို့နယ်များတွင် ပြည်သူများ အာဟာရဓာတ်ပြည့်ဝရန် စားသောက်နေထိုင်ရေး ပညာပေး လုပ်ငန်းများ ပါဝင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းမရှိသောပြည်သူများကို အခြားအလုပ်အကိုင် အခွင့်အလမ်းများကို မည့်သို့ လုပ်ကိုင်ခြင်းဖြင့် တိုးတက်ရန် အသိပညာပေးခြင်း၊ အကြံဉာဏ်ပေးခြင်းနှင့်ပံ့ပိုးပေးခြင်း စသည့်အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်း ဆိုင်ရာတန်ဘိုးကွင်းဆက်စီမံကိန်းအား မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် များနှင့် စိုက်ပျိုးရေးခြံများဖြစ်သော ချီပါခြံ၊ ကန့်ဘလူခြံ၊ မြေမွန်ခြံ၊ ဝက်တိုးခြံ(၁)၊ ဝက်တိုးခြံ(၂)နှင့် ဂွေးကုန်းခြံ စသည့် စိုက်ပျိုးရေးခြံ(၆)ခြံတို့တွင် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)ချေးငွေ အမေရိကန်ဒေါ်လာ(၄၀.၅) သန်း၊ ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအစီအစဉ် (GAFSP)၏ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ(၂၇)သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ(၆၇.၅)သန်းဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ စီမံကိန်း ကာလ (၇)နှစ်ကြာမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


