သတင်း-ဇင်လင်းမြင့်၊ ဓာတ်ပုံ- ခင်ဇွန်ဇာလင်း
ရန်ကုန်မြို့ဟာ စက်မှုဇုန်တွေ၊ ဟိုတယ်လုပ်ငန်းတွေ၊ အိမ်ရာစီမံကိန်းတွေနဲ့ ဖွံ့ဖြိုး တိုးတက်မှု အရှိန်ရရှိနေပါတယ်။ အဲဒီစီမံကိန်းတွေထဲမှာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးနဲ့ကပ်လျက် မြေဧရိယာမှာ ရိုးမစင်ထရယ် စုပေါင်းအိမ်ရာစီမံကိန်း တည်ဆောက်နေပြီး ဒီစီမံကိန်းဧရိယာထဲမှာ Westin Yangon ဟိုတယ်စီမံကိန်းလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
စီမံကိန်းလုပ်ငန်းစတင်
အဲဒီဟိုတယ်တည်ဆောက်ရေးစီမံကိန်းနဲ့ ပတ်သက်ပြီး Yoma Land နှင့် Westin Yangon (Marriortt International) တို့ရဲ့ နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုး ခြင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့ကြ ပါတယ်။ ဒါကြောင့်မို့ အဲဒီဟိုတယ်တည်ဆောက် ရေး စီမံကိန်းလုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပါတယ်။
“ဟိုတယ်တည်ဆောက်ရေး စီမံကိန်းက စတင်နေပြီဖြစ်ပါတယ်။ ရိုးမစင်ထရယ် စုပေါင်းအိမ်ရာစီမံကိန်းပြီးစီးမယ့် ၂၀၂၁ ခုနှစ် မှာပဲ Westin Yangon ဟိုတယ် တည်ဆောက် ပြီးစီးဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ် ပါတယ်” လို့ Yoma Land ရဲ့ Head of Real Estate ဖြစ်တဲ့ Mr.Stephen Purvis က အဲဒီ နေ့က ပြောထားပါတယ်။
ရိုးမစင်ထရယ် စုပေါင်းအိမ်ရာစီမံကိန်း ဟာ ဧရိယာစတုရန်းပေ ၂ ဒသမ ၄ သန်းပေါ်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီစီမံကိန်းဧရိယာအတွင်းမှာပဲ Westin Yangon ဟိုတယ်တည်ဆောက်ရေး စီမံကိန်း ဧရိယာက စုစုပေါင်းကြမ်းခင်းဧရိယာ နှစ်သိန်း ခွဲခန့်ပေါ်မှာ တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တွင်း အသစ်ထွက်ပေါ်လာ
အဲဒီ Westin Yangon ဟိုတယ်ဟာ အထပ်ပေါင်း ၂၆ ထပ်ရှိမှာဖြစ်ပြီး ဟိုတယ် ခန်းနဲ့ Suites အခန်းပေါင်း ၂၈၁ ခန်းပါဝင်မှာ ဖြစ်တဲ့အပြင် ဝန်ဆောင်မှုကောင်းကောင်း ရရှိနိုင်တဲ့ လူနေအိမ်ခန်းပေါင်း ၉၀ လည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် အနီးဝန်းကျင်မှာရှိတဲ့ စင်ထရယ်ဟိုတယ်၊ ဆူးလေရှန်ဂရီလာဟိုတယ်နဲ့ ဆာကူရာတာဝါ တို့အပြင် ဂျန်းရှင်းစီးတီးတို့နဲ့အပြိုင် ရန်ကုန် မြို့တွင်းမှာ အသစ်ထွက်ပေါ်လာမယ့် ဟိုတယ် အဖြစ် တည်ရှိလာတော့မှာ ဖြစ်ပါတယ်။
“ဒီဟိုတယ်ကို ဗိသုကာပညာရှင် Cecil Balmond OBD က ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ အကောင်းဆုံးဟိုတယ် ဖြစ်အောင် ဆောင်ရွက်သွားရေး မျှော်မှန်းထား ပါတယ်”လို့ Westin Yangon (Marriott International ) Asia Pacific ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒီလိုဟိုတယ်သစ် ထွက်ပေါ်လာတာဟာ ရန်ကုန်မြို့ရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းကို ပိုမိုအထောက်အကူပြုပေးနိုင်မှာ ဖြစ်သလို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် အဆင့်မီဟိုတယ်ခန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
ဟိုတယ်ပေါင်း ၃၄၆ လုံး
ရန်ကုန်မြို့မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ကုန်အထိ ဟိုတယ်ပေါင်း ၃၄၆ လုံးနဲ့ အခန်းပေါင်း ၂၀၀၀၀ ကျော် ရှိနေတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်တဲ့ စာရင်းအင်းတွေမှာ ဖော်ပြထား ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ တည်းခို ရိပ်သာပေါင်း ၁၀၁ လုံးရှိနေပြီး အခန်းပေါင်း ၂၀၀၀ ကျော်အထိ ခွင့်ပြုလိုင်စင် ချထားပေး တယ်လို့ အဲဒီစာရင်းတွေမှာ ပါရှိပါတယ်။
ရန်ကုန်မြို့မှာ ဟိုတယ်၊ အဆင့်မြင့်တည်းခို ရိပ်သာတွေ ဖွင့်လှစ်နိုင်ဖို့ ခွင့်ပြုလိုင်စင်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးဆိုင်ရာ ခရီးသွားလုပ်ငန်း ကြီးကြပ်ရေးကော်မတီတို့က စနစ်တကျ စိစစ်ခွင့်ပြုပေးနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့မှာ လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ဟိုတယ်ခန်းနဲ့ အဆင့်မြင့်တည်းခိုခန်းအရေ အတွက် တိတိကျကျဆိုရင် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ ဟိုတယ်ခန်း ၂၁၀၄၂ ခန်းနဲ့ တည်းခိုရိပ်သာခန်း ၂၀၁၄ ခန်းအထိ ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုး ရေးအတွက် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်မှုအနေနဲ့ တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာရှိပါတယ်။ ကျိုက်သလဲ ကျေးရွာကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက် အထိ ဧည့်သည် ၂၀၀၀ ကျော် လာရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။
ရှေးဟောင်းအဆောက်အအုံတွေ လေ့လာနိုင်
အခုတည်ဆောက်မှု စတင်နေပြီဖြစ်တဲ့ Westin Yangon ဟိုတယ်ဟာ ရန်ကုန်မြို့တွင်း မှာ တည်ရှိနေတာမို့ ဆူးလေစေတီ၊ ရွှေတိဂုံ စေတီတို့အပြင် ရန်ကုန်မြို့ရဲ့ မြို့ပြရှေးဟောင်း အမွေအနှစ်အဆောက်အအုံတွေ၊ အထင်ကရ နေရာတွေကို အချိန်တိုအတွင်း လွယ်ကူ လျင်မြန်စွာ သွားရောက်လေ့လာလည်ပတ်နိုင် မှာ ဖြစ်ပါတယ်။
တကယ်တော့ ရိုးမစင်ထရယ်အိမ်ရာ စီမံကိန်းမှာ Grade A တာဝါနှစ်လုံး ပါဝင်မှာ ဖြစ်တဲ့အပြင် လူနေအိမ်ခန်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဈေးဝယ်စင်တာနဲ့ ချိတ်ဆက် ပေးနိုင်တဲ့ လူနေအိမ်ခန်းတွေဖြစ်တာမို့ ရန်ကုန်မြို့တွင်းမှာ ပထမဆုံးထွက်ပေါ် လာမယ့် လူနေထိုင်မှုဘဝပုံစံသစ်မျိုးလည်း ဖြစ်လာမယ့် စီမံကိန်းဖြစ်ပါတယ်။
ဒါကြောင့်မို့ ရန်ကုန်မြို့တွင်းမှာ ၂၀၂၁ ခုနှစ်မှာ ပြီးစီးထွက်ပေါ်လာဖို့ ရှိနေတဲ့ ရိုးမ စင်ထရယ်စုပေါင်းအိမ်ရာ စီမံကိန်း၊ အဲဒီ စီမံကိန်းထဲမှာ ပါဝင်တည်ဆောက်နေတဲ့ Westin Yangon ဟိုတယ်စီမံကိန်းတွေဟာ လုပ်ငန်းတွေ စတင်နေပြီဖြစ်ပါတယ်။ တည်ဆောက်နေတဲ့ မြင်ကွင်းတွေကိုလည်း တွေ့မြင်နေရပြီဖြစ်လို့ ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်သစ်တစ်ခု ပီပီပြင်ပြင် ထွက်ပေါ်ဖြစ်ထွန်းလာတော့မှာ ဖြစ်ပါတယ်။ ။
မြန်မာ့အလင်း