ညောင်လေးပင် ၆  နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ သစ် ထုတ်လုပ်ရေးရုံး၌ နိုင်ဝင်ဘာလ ၆ ရက် နံနက် ၁၀ နာရီ အချိန်က လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်သေဆုံးမှု အတွက် ကျန်ရစ်သူမိသားစုအား ငွေကြေးအကျိုးခံစားခွင့်ပေးအပ်ခဲ့သည်။

 

ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံ ဒေါ်ကေသီခိုင်က လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့်များအား ရှင်းလင်းပြောကြားပြီး ညောင်လေးပင်မြို့ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော ပဲခူးသစ်ထုတ်လုပ်ရေးမှ အာမခံအလုပ်သမား ဦးဖြိုး‌ဝေ၏ လုပ်ငန်းခွင် အတွင်း ထိခိုက်သေဆုံးမှုအတွက် ငွေကျပ် (၅၄)သိန်းအား ဇနီးဖြစ်သူ ဒေါ်သဲပို သို့ ပေးအပ်ခဲ့သည်။ 

 

‌လုပ်ငန်းခွင်တွင် ထိခိုက်သေဆုံးသူ ဦးဖြိုးဝေသည် ပဲခူးသစ်ထုတ်ရေးဒေသ တောင်ဇာမရီနယ် ထားဝယ်ဆင်စခန်း တွင် ဆင်ဦးစီးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ယခုနှစ် မေလ ၁၀ ရက်နေ့တွင် ဆင်ပေါ်မှ ပြုတ်ကျ၍ ဦးခေါင်းဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေစဉ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် သေဆုံးခဲ့သဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူမိသားစုအား ငွေကြေး အကျိုးခံစားခွင့် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

နေလင်း(ညောင်လေးပင်)