ရန်ကုန် ၆  နိုဝင်ဘာ

 

မြန်မာရေကြောင်းညီလာခံ (Maritime Conference Myanmar 2018)နှင့် ရေကြောင်းဆိုင်ရာ ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

 

" “အဓိကတော့ ရေကြောင်းဂဏ္ဍဖွံ့တိုးတက်ရေးနဲ့ သင်္ဘောသားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဒီညီလာခံကြီးကနေ စုပေါင်းဆွေးနွေးကြမှာပါ၊ ဒီညီလာခံကြီးမှာ ပင်လယ်ရေ ညစ်ညမ်းမှုကို ကာကွယ်ရန်အချက်များနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အချက်များကိုပါ စုပေါင်း ဆွေးနွေးကြပါ့မယ်၊ ပြီးတော့ ကျွန်တော်တို့အနေနဲ့ မြန်မာသဘောင်္သားများ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုကောင်းမွန်လာ‌စေရန်နဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေဖို့၊ ကျွမ်းကျင်ကြဖို့နဲ့ နိုင်ငံခြားကုမ္ပဏီများကလည်းသူတို့ Skill ကိုကြည့်ပြီး အလုပ်ခန့်အပ် လာနိုင်အောင် ဒီညီလာခံကနေ မီးမောင်းထိုးပြသွားမှာဖြစ်ပါတယ်၊ ဒီညီလာခံကြီး ကျင်းပမယ့် အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ Shipping Industry တိုးတက်လာဖို့အတွက် တစ်ဖက်တစ်လမ်းကနေ များစွာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်''ဟု မြန်မာနိုင်ငံရေကြောင်း အတတ်ပညာရှင်များအသင်း ဒုတိယဥက္ကဌ ကပ္ပတိန် စိုးမင်းအောင်က ရှင်းပြသည်။

 

၂

 

ထိုရေကြောင်းညီလာခံကြီးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ/မြန်မာနိုင်ငံ ရေကြောင်း အတတ်ပညာ ရှင်များ အသင်းမှာ ရေကြောင်း ပညာရှင်များ တက်ရောက်ဆွေးနွေးကြသည်။

 

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် သင်္ဘောသားဦးရေအရေအတွက် ၁ သိန်းနီးပါးရှိပြီး အရှေ့တောင် အာရှနိုင်ငံများအတွင်း ဖိလစ်ပိုင်နိုင်ငံပြီးလျှင် ပြည်ပသို့ထွက်ခွာ အလုပ်လုပ် ကိုင်ကြသည့် သင်္ဘောသား ဦးရေအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ကြောင်း၊ နည်းပညာများ ရပ်များ ပိုမိုထွန်းကားလာသည်နှင့် အမျှသင်္ဘောလုပ်ငန်း အလုပ်အကိုင်များ ရေရှည်တည်မြဲရေးနှင့် လုပ်ငန်းခွင် ဝင်ရောက်ကြမည့် သင်္ဘောသားများ အနေဖြင့်လည်း အရည်အသွေး ထက်မြက်မှုရှိရေးအတွက် လုပ်ကိုင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၊ပြည်တွင်း၌ ကမ်းရိုးတန်း သွားနှင့် မြစ်ကြောင်းသွားသင်္ဘောများ စီးပွားရေးလုပ်ငန်းများ အဆင်ပြေ ဆောင်ရွက်နိုင်ရန် အတွက် ထိန်းချုပ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ သင်္ဘောနှင့်ဆက်စပ် သည့် အလုပ်သမားများ နှင့် အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်လည်း ညီလာခံတွင် ဆွေးနွေး ဆောင်ရွက်ကြောင်း သိရသည်။    

 

ထိုညီလာခံကြီးနှင့်အတူ ရေကြောင်းပြပွဲကို ပူးတွဲကျင်းပလျက်ရှိရာပြည်တွင်း ပြည်ပ သင်္ဘောလိုင်း များ/သင်္ဘောတည်ဆောက်ရေး  သင်္ဘောကျင်းများ/ သင်္ဘောအင်ဂျင်စက်ကြီးများ/ယန္တရား ကြီးများ/ ဆိပ်ကမ်းနှင့် သင်္ဘောလိုင်းများ၊ ပြည်ပသင်္ဘောလိုင်းများ အပါအဝင် ရေကြောင်းနှင့် ပတ်သက်သည့် ပညာရပ်များ ပို့ချသည့် ပြခန်းများဖြင့် ခင်းကျင်းပြသထားရာ  သင်္ဘော လုပ်ငန်းခွင် ဝင်ရောက်ကြမည့် ရေကြောင်းကောလိပ်နှင့် ရေကြောင်းတက္ကသိုလ်မှ ကျောင်းသားလူငယ်များ နှင့် စိတ်ပါဝင်စားသူများ လာရောက် လေ့လာကြကြောင်း သိရသည်။ထိုပြပွဲနှင့် ညီလာခံကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံရေကြောင်း အတတ်ပညာရှင်များအသင်းမှ သိရသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)