နေပြည်တော် ၆ နိုဝင်ဘာ

လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက အဖွဲ့အနေဖြင့် စပါးစျေးကျနေသော တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဝယ်ယူပေးနိုင်ရန်အတွက် လိုအပ်သော လှည့်ပတ်ရန်ပုံငွေကို စားသုံးသူရေးရာဦးစီးဌာန အမည်ဖြင့် ဖွင့်လှစ်ထားသော ဘဏ်စာရင်းအမှတ်တွင် ထည့်သွင်းပြီးဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများက စပါး၊ ဆန် ဝယ်ယူမည့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဝယ်ယူနိုင်ရေးအတွက် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို ညှိနှိုင်းဆွေးနွေးပြီး ဦးဆောင်အဖွဲ့သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးများမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ  တာဝန်ရှိသူများက အခြေခံစပါးဈေးနှုန်း အောက်ကျနိုင်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးတင်ပြကြသည်။

သတင်းစဉ်