နေပြည်တော် ၆ နိုဝင်ဘာ

ပညာရေးဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ အဆင့်မြင့် သတင်းအချက်အလက်နည်းပညာ သုတေသနစာတမ်းဖတ်ပွဲ(၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည်။

သုတေသနစာတမ်းဖတ်ပွဲတွင် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ဘွဲ့လွန်သုတေသနစာတမ်း ပြုစုသူများနှင့် ပြည်ပနိုင်ငံများမှ သုတေသနပညာရှင်များ အပါအဝင် စုစုပေါင်းစာတမ်းရှင် ၅၀ တို့က အဆင့်မြင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ သုတေသနစာတမ်းများကို နိုဝင်ဘာ ၇ ရက်အထိ ဖတ်ကြားသွားမည်ဖြစ်သည်။

“ဒီနေ့ကျင်းပတဲ့ စာတမ်းဖတ်ပွဲက သုတေသနပိုင်းကို အဓိကရည်ရွယ်ပါတယ်။ နိုင်ငံတကာ သုတေသနပညာရှင်တွေလည်း စာတမ်းတင်သွင်းကြမှာ ဖြစ်ပါတယ်။ တင်သွင်းတဲ့ စာတမ်းတိုင်းကို ပေးဖတ်တာ မဟုတ်ပါဘူး။ စာတမ်းတစ်စောင်ကို တင်သွင်းတဲ့အခါ အနည်းဆုံး နိုင်ငံခြားပါမောက္ခ ၂ ဦးနဲ့ မြန်မာပါမောက္ခ တစ်ဦးတို့က နည်းပညာအသစ်နဲ့ တီထွင်ကြုံဆမှုဆိုင်ရာ ဖန်တီးထားတဲ့ စာတမ်းတွေကို ဖတ်ကြားခွင့်ပြုပါတယ်။ စာတမ်းတင်သွင်းတဲ့ သုတေသနပညာရှင်တွေရဲ့ အကြံဉာဏ်တွေကနေတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ သုတေသနလုပ်ငန်းတွေ ဖော်ဆောင်နိုင်မယ့် အခွင့်အရေးကို အခုကွန်ဖရင့်ကတစ်ဆင့် ရရှိလာမယ်လို့လည်း မျှော်လင့်ပါတယ်”ဟု သတင်းအချက်အလက်နည်းပညာ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက ပြောသည်။

 

KHP_0076

 

ယခုနှစ်ကျင်းပသည့် စာတမ်းဖတ်ပွဲမှစတင်၍ သုတေသနစာတမ်းများကို IEEE Digital Library တွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပြီး အဆိုပါ စာတမ်းဖတ်ပွဲများကို ၂၀၁၇ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ယခုအကြိမ်သည် တတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့မှ ဆရာဆရာမများ၊ ပြည်ပတက္ကသိုလ်များမှ ပါမောက္ခများ၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဂျပန်နှင့် မလေးရှားနိုင်ငံတို့မှ သုတေသန ပညာရှင်များနှင့် သုတေသနစာတမ်း ဖတ်ကြားမည့်သူများ တက်ရောက်ကြသည်။

သတင်း- မွန်းဦးနဒီ၊ ဓာတ်ပုံ-လှမိုး