မြိုင်ကလေး ၆ နိုဝင်ဘာ
အင်းဝဘဏ်လီမိတက်၊ မြိုင်ကလေး(မြို့မ)ဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲ ပရဝုဏ်တွင်ကျင်းပရာ အခမ်းအနားသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် မင်းမင်းစိုး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ အရာရှိကြီးများ၊ အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ ဘဏ်ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မင်္ဂလာအချိန် နံနက် ၉ နာရီ ၉ မိနစ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးနှင့် အင်းဝဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ငွေဦးတို့က အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် မင်းမင်းစိုးက အင်းဝဘဏ် လီမိတက်၊ မြိုင်ကလေး (မြို့မ) ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ဘဏ်ခွဲ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့အား အမွှေးနံ့သာရည်များ ဖြင့်ပက်ဖျန်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည့်တော်များနှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်လိုက်သော အင်းဝဘဏ်လီမိတက်၊ မြိုင်ကလေး (မြို့မ) ဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၆၃)ခု မြောက်ဘဏ်ခွဲဖြစ်ပြီး ရန်ကုန် - ဘားအံ ကားလမ်းဘေး၊ မြိုင်ကလေး စံပြကျေးရွာ၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်တွင် ဖွင့်လှစ်ထားရှိကာ အပ်ငွေများလက်ခံခြင်း၊ ငွေစုဘဏ် လုပ်ငန်းဆောင်ရွက်ခြင်း၊ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order) များထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုးထုတ်ပေးခြင်း၊ Debit Card များထုတ်ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ အင်းဝဘဏ်လီမိတက်အနေဖြင့် မြန်မာနိုင်ငံအဝန်းရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ အဆင်ပြေလွယ်ကူချောမောစွာ လည်ပတ်နိုင်ရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အင်းဝဘဏ်လီမိတက်အနေဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း (၉)ရာခိုင်နှုန်းနှင့် စာရင်းသေ အပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျှောက် စုဆောင်းသည့် အချိန်ကာလအပိုင်းအခြားအလိုက် မူတည်၍ (၁၀)ရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်း မတည်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ချေးငွေထုတ်ချေးပေးလျက်ရှိ၍ ယခုဖွင့်လှစ်လိုက်သော မြိုင်ကလေး(မြို့မ) ဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၆၃) ခုမြောက် ဘဏ်ခွဲဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


