ရန်ကုန် ၆ နို၀င်ဘာ

ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ အပြေးအားကစား ဝါသနာရှင်များစွာကို ဆွဲဆောင်လျက်ရှိသည့် စတုတ္ထအကြိမ်မြောက် ကလော Trail Run အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်ထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အပြေးပြိုင်ပွဲတွင် ကလေးငယ်များနှင့် ပထမဦးဆုံးအကြိမ် စတင်ပြေးမည့်သူများ ပါ၀င်ယှဉ်ပြိုင်နိုင်ရန် အပျော်တမ်း ၄ ကီလိုမီတာပြိုင်ပွဲ၊ လမ်းလျှောက်ဝါသနာရှင်များနှင့် ကျန်းမာရေးအတွက် ပြေးလိုသူများအတွက် ၁၂ ကီလိုမီတာပြိုင်ပွဲ၊ ရွာငယ်များစွာ ကျော်ဖြတ်ပြေးရမည့် ၂၅ ကီုလိမီတာ စိန်ခေါ်ပြိုင်ပွဲ၊ တာဝေး ၅၁ ကီလိုမီတာ မာရသွန်ပြိုင်ပွဲများတွင် ပါ၀င်မည်ဖြစ်ပြီး ကလောမြို့ရှိ Kalaw Heritage ဟိုတယ်တွင် တာစထွက်ခြင်းနှင့် ပန်း၀င်ခြင်းကို ပြုလုပ်မည်ဖြစ်သည်။

နို၀င်ဘာ ၆ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်တွင် အဆိုပါ ကလော Trail Run အပြေးပြိုင်ပွဲနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ဒီနှစ်တော့ ပထမဆုံးအကြိမ် အပြေးပြိုင်ပွဲမှာ ၅၁ ကီလိုမီတာ Ultra မာရသွန်ကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်၊ ယှဉ်ပြိုင်လိုသူတွေအနေနဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ အများကြီး ဖြတ်ကျော်ရမည့် တာဝေး ၅၁ ကီလိုမီတာ အမျိုးအစားမှာဆိုရင်တော့ ၂၀၇၅ မီတာ အကွာအဝေး ပြေးရတာနဲ့ သဏ္ဍာန်တူမှာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၀၇ မီတာမှာ ယှဉ်ပြိုင်ရမှာပါ၊ နိုင်ငံတကာမှာ ကျင်းပလေ့ရှိတဲ့ အကွာအဝေး အင်မတန်ရှည်လျားလေ့ရှိတဲ့ တာဝေးပြိုင်ပွဲများလို ပြေးလမ်းကြောင်းက သိပ်ပြီးတော့ မရှည်လျားပေမယ့် တောင်တက်အပြေးသမား အများစုအတွက်ကတော့ စိန်ခေါ်မှုတွေများမယ့် ပြိုင်ပွဲတစ်ခုဖြစ်မှာပါ” ဟု Kalaw Heritage ဟိုတယ်၏ အထွေထွေမန်နေဂျာ Ole Rehlaender က ပြောဆိုသည်။

ထို့ပြင် ကလော Trail Run အပြေးပြိုင်ပွဲတွင် နည်းစနစ်ကျစွာ ကျင်းပနိုင်ရေးအတွက် KBZ Pay မှ ထောက်ပံ့ကူညီသွားမည်ဖြစ်ပြီး ယခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းမှ အပျော်တမ်းအပြေးသမား အပါအ၀င် အပြေးသမား ၄၀၀ ခန့် ပါ၀င်ယှဉ်ပြိုင်မျှော်မှန်ထားကြောင်း သိရသည်။

အာကာစိုး