ရန်ကုန် ၆ နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ လူသစ်တန်း ခရစ်ကက်ဗိုလ်လုပွဲပြိုင်ပွဲများကို ယမန်နေ့ည‌နေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရွှေပင်လုံခရစ်ကက်ကွင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသန်းဝင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ခရိုင်၊ မြို့နယ် အသီးသီးမှ ကာယဆရာ/ဆရာမများတို့က အမျိုးသမီး အကောင်းဆုံး ရိုက်ချက်သမားဆုရ အေးငြိမ်းသူ၊ အကောင်းဆုံးပစ်သမားဆုရ ငွေခြည်သင်းနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရ နော်လေးကပေါ်ရှီး အ.ထ.က(၁) ဒဂုံမြောက်တို့အားလည်းကောင်း၊ အမျိုးသား အကောင်းဆုံးရိုက်သမားဆုရ ခွန်ကျော်ခန့် အ.ထ.က(၁)သန်လျင်၊ အကောင်းဆုံးပစ်သမားဆုရ ဇော်ဝင်းထွဋ် အ.ထ.က(၂) သာကေတ၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံးရ အာဂ အ.ထ.က(၂) သာကေတတို့အားလည်းကောင်း၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရ အ.ထ.က(၂) သာကေတ၊ ဒုတိယဆုရ အ.လ.က(၇) ရန်ကင်းနှင့် တတိယဆုရ အ.ထ.က(၁) သန်လျင်တို့အားလည်းကောင်း၊ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရ အ.ထ.က(၁) မြောက်ဒဂုံ၊ ဒုတိယဆုရ အ.လ.က(၇) ရန်ကင်းနှင့် တတိယဆုရ အ.ထ.က(၇) မင်္ဂလာတောင်ညွန့်ကျောင်းတို့အား အသီးသီးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲကို‌ အောက်တိုဘာ ၃၀ ရက်မှ နို၀င်ဘာ ၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်းများမှ  ပြိုင်ပွဲ၀င် ကျောင်းသားကျောင်းသူ ၈၄၀ ခန့် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - အေကေလင်း