နေပြည်တော် ၆ နိုဝင်ဘာ

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဦးမင်းသူ၊ ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးအုန်းဝင်း၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဒေါက်တာမျိုးသိမ်းကြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဗဟိုကော်မတီတွဲဖက် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့အစည်းအဝေးသည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ အဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီ၏လုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူတို့၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများအပေါ် အမြန်ဆုံး စွန့်လွှတ်လွှဲပြောင်းနိုင်ရေးအတွက် မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်ကို အောက်ခြေအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူတို့၏ လိုလားချက်များ၊ မြေသိမ်းခံတောင်သူတို့၏ တင်ပြချက်များကို တရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့််အညီ အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၁၉ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများအနေဖြင့် ဗဟိုကော်မတီကို အထောက်အကူပြုနိုင်ရေးနှင့် လက်တွေ့ မြေပြင်တွင် လုပ်ငန်းကဏ္ဍများတွင် သိသာထင်ရှားသည့်တိုးတက်မှု အကျိုးရလဒ်များ ရရှိအောင်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်တွင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အပြင် ခရိုင်နှင့် မြို့နယ်ကော်မတီများတွင်လည်း သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီကို အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်စွက် တာဝန်ပေးအပ်ခြင်းဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။      

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်အနေဖြင့် မြေကိစ္စတိုင်ကြားစာများအပေါ် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗဟိုကော်မတီ၏မူဝါဒ၊ လုပ်ငန်းစဉ်များအတိုင်း စိစစ်ဆောင်ရွက်မှု မရှိခြင်းနှင့် အထောက်အထား မှတ်တမ်းမှတ်ရာများ ပြည့်စုံစွာဖြင့် တင်ပြမှုမရှိခြင်းများကြောင့် ဗဟိုကော်မတီမှ ပြန်လည်စိစစ်ရန်ပေးပို့ရသည့် အမှုတွဲများကိုလည်း တွေ့ရှိရပါကြောင်း။

ဝန်ကြီးဌာနများမှ အသုံးပြုရန်မလိုအပ်သည့် မြေများကိုပြန်လည်စွန့်လွှတ် ပေးအပ်လျက်ရှိရာ စွန့်လွှတ်သည့်ရည်ရွယ်ချက်မှာ မူလပိုင်ရှင်များထံပေးအပ်ရန်၊ ပိုလျှံ၍ စွန့်လွှတ်သည့်မြေများကို နိုင်ငံတော်ပိုင်မြေ (နိုင်ငံတော်အရန်မြေ) အဖြစ်ထားရှိရန်နှင့် ဝန်ကြီးဌာနအချင်းချင်းသို့ လွှဲပြောင်းပေးရန်ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးရန်မြေများနှင့် ပတ်သက်၍ လွှဲပြောင်းရယူမည့် ဝန်ကြီးဌာများမှ မြေလွှဲကိစ္စရပ်များကို အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ပိုလျှံအပ်နှံသော နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ထားသည့် မြေများကို အများပြည်သူအကျိုးရှိအောင် အသုံးပြုရန်နှင့် အသုံးမပြုပါကသေချာစွာ စာရင်းရေးသွင်း ထိန်းသိမ်းထားရှိကြရမည် ဖြစ်ပါကြောင်း၊ မူလပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းသည့် မြေများတွင်အချို့မှာ သက်ဆိုင်ရာဝန်ကြီးဌာနမှ စွန့်လွှတ်ထားပြီးဖြစ်သော်လည်း ကာယကံရှင် လက်ဝယ်ရောက်ရှိရန် အချိန်ကြန့်ကြာနေမှုများ၊ ကာယကံရှင်လက်ဝယ်သို့ ရောက်ရှိခြင်း မရှိဘဲ အခြားသူထံသို့ ပေးအပ်ထားခြင်းများနှင့် မူလလက်ငုတ်နှင့် လက်ရှိ၊ လက်ငုတ် အငြင်းပွားနေမှုများကြောင့် အမှုတွဲများပြီးပြတ်မှုမရှိဘဲ နှောင့်နှေးကြန့်ကြာနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြာင့် ကော်မတီဥက္ကဋ္ဌများအနေဖြင့် အောက်ခြေ စိစစ်တွေ့ရှိချက်များနှင့် မြေပြင်ပကတိအခြေအနေများ ကွဲလွဲမှုမရှိစေရေးအတွက် ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် အဖွဲ့များဖွဲ့စည်း၍ စနစ်တကျ တာဝန်ပေးစီမံ ဆောင်ရွက်ကြစေလိုပါကြောင်း။

 

DSC_8072

 

ဗဟိုကော်မတီဝင်များအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ တစ်ပတ်တစ်ကြိမ်အစည်းအဝေး ကျင်းပလျက်ရှိရာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရသူများ၏ နစ်နာမှုကို မူဝါဒ၊ လုပ်ငန်းစဉ်(၅၂)ချက်နှင့်အညီ စိစစ်ဆောင်ရွက်ခြင်း ရှိ/မရှိ၊ နစ်နာသူကာယကံရှင် (တိုင်ကြားသူ)၏ဖြစ်စဉ် တင်ပြချက်များမှန်ကန်မှုရှိ/မရှိ၊ တင်ပြချက်မှန်ကန်ပါက အကျိုးစီးပွားနစ်နာမှုအတွက် ငွေကြေးသို့မဟုတ် မြေလျော်ကြေးပေးလျော်မှုများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ဗဟိုကော်မတီကမူဝါဒလုပ်ငန်းစဉ် (၅၂)ချက်နှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ရမည့် အကြောင်းအခြင်းရာမဟုတ်သည့် မြေယာကိစ္စရပ်များဖြစ်ပါက မည်ကဲ့သို့ စီမံဆောင်ရွက်ရမည်ဖြစ်သည်ကို နစ်နာသူကာယကံရှင် (တိုင်ကြားသူ)အား ပွင့်လင်းမြင်သာစွာ ခေါ်ယူတွေ့ဆုံရှင်းလင်း ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

စွန့်လွှတ်သည့်မြေများ သက်ဆိုင်သူလက်ဝယ် အမြန်ရောက်ရှိရေး လုပ်ငန်းစဉ် (၉)ရပ်၊ အပိုဒ်(၄)နှင့်အညီ လျော်ကြေးပေးရေးနှင့် စပ်လျဉ်း၍သက်ဆိုင်ရာ ပိုင်ဆိုင်သူ ကာယကံရှင်များ နစ်နာမှုမရှိစေရေးနှင့် အငြင်းပွားနိုင်သည့်နှုန်းထားများ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ညှိနှိုင်းသတ်မှတ်ပေးသည့်မျှတသည့် နှုန်းထားများဖြစ်စေရန်နှင့် မြေပြင်တွင်မလိုလားအပ်သော ပြဿနာများမဖြစ်စေရန် အထူးဂရုပြုဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း။

နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများ၏ လုပ်ငန်းခေါင်းစဉ် အလိုက်စိစစ်တင်ပြလာသည့် အမှုတွဲများအနက် တင်ပြတိုင်ကြားသူ ကာယကံရှင်အား ယနေ့အချိန်ထိ ဆက်သွယ်စုံစမ်းမရသည့် အမှုတွဲများပါဝင်သည်ကို စိစစ်တွေ့ရှိရသည့်အတွက် လိပ်စာရှင်ရှာဖွေမတွေ့ရှိသည့် တင်ပြတိုင်ကြားသူများ၏ အကျိုးစီးပွား နစ်နာမှုမရှိစေရေးမှာလည်း မိမိတို့ကော်မတီများအတွက် အရေးကြီးပါကြောင်း၊ လိပ်စာရှင် ရှာဖွေမတွေ့ရှိသည့် တင်ပြတိုင်ကြားချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာကော်မတီရုံးများအနေဖြင့် (Notice Board)တင်၍ တင်ပြတိုင်ကြားသူ အပါအဝင် ၎င်းတို့၏ ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟတို့ကသိမြင်၍ ကာယကံရှင်များ သိရှိဆောင်ရွက်နိုင်ရေး အချိန်ကာလတစ်ခုပေး၍ စီမံဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း။

နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများသို့ တိုက်ရိုက်တိုင်ကြားသော တိုင်ကြားစာအမှုတွဲများကို ဖြေရှင်းဆောင်ရွက်မှု နောက်ဆုံးအခြေအနေများ၊ ယခင်အစိုးရလက်ထက် ပြည်ထောင်စုလွှတ်တော် သက်တမ်းတွင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တိုင်ကြားစာများနှင့်ပတ်သက်၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လွှဲပြောင်းပေးပို့ထားသော စိစစ်တွေ့ရှိချက် အစီရင်ခံစာများအပေါ် ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေများကို ရှင်းလင်းတင်ပြကြစေလိုပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ သီးခြားကိစ္စတစ်ရပ်အနေဖြင့် တင်ပြလာသည့်မြေကိစ္စရပ်များကို ဆောလျင်စွာဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များဖြင့် သီးခြားအစည်းအဝေးများ ပြုလုပ်ဖြေရှင်း ဆောင်ရွက်လျက်ရှိရာ ဆောလျင်စွာ ဖြေရှင်းဆောင်ရွက်ရန်ရှိပါက သီးခြားအစီရင်ခံစာဖြင့် တင်ပြသွားရန်နှင့် အများပြည်သူသိရှိစေရန် သတင်းများ ထုတ်ပြန်ကြေညာပေးသွားရန် လိုအပ်ပါကြောင်း၊ ဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို ညှိနှိုင်းဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်လတစ်ကြိမ် မဖြစ်မနေ အစည်းအဝေး ပြုလုပ်ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း။

ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ရာတွင်အဆင့်ဆင့်သော ကော်မတီများသို့ နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန်ချက်များ၊ လုပ်ငန်းဆိုင်ရာညွှန်ကြားချက်များ နှင့်နိုင်ငံတော်၏မူဝါဒများကို အလေးထားလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဗဟိုကော်မတီကချမှတ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များ၊ မူဝါဒလမ်းညွှန်ချက်များကို အလေးအနက်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမှသာ အစိုးရနှင့်ဌာနဆိုင်ရာများကို ပိုမိုအားကိုး ယုံကြည်လာမည် ဖြစ်ပါကြောင်း။

ကော်မတီများအနေဖြင့် အောက်ခြေအဆင့်ထိကော်မတီရုံးများ သီးခြားဖွင့်လှစ်၍ လုံလောက်သည့် ဝန်ထမ်းအင်အားဖြင့် တာဝန်ပေးအပ်ထားရန်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းကျွမ်းကျင်မှု ရှိစေနိုင်ရေးအတွက်မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုသိရှိနိုင်ရန် သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို အလေးထားဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြေပြင်တွင်တွေ့ကြုံရသည့် အခက်အခဲများနှင့် ဗဟိုကော်မတီက ပံ့ပိုးဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အကြံပြုဆွေးနွေးတင်ပြကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးတင်မြင့်က ဗဟိုကော်မတီပြင်ဆင်ဖွဲ့စည်းမှု၊ စိစစ်ဖြေရှင်းပေးခဲ့ပြီးစိစစ် ဖြေရှင်းဆဲလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု အခြေအနေများ၊ သိမ်းဆည်းမြေများ အမြန်ဆုံးပြန်လည် စွန့်လွှတ်ပေးနိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ပြန်လည်စွန့်လွှတ်လွှဲပြောင်းမြေဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက သိမ်းဆည်းခံလယ်ယာမြေများနှင့် စပ်လျဉ်း၍ပြန်လည်စွန့်မြေများကို မူလလက်ငုတ် လက်ရင်းမူလပိုင်ရှင်များထံ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပေးအပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများနှင့် စပ်လျဉ်း၍ ပြန်လည်စိစစ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဦးသန်းတို့က နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများမှ ဝန်ကြီးဌာနများသို့ သဘောထားမှတ်ချက်တောင်းခံခြင်း၊ လျော်ကြေးပေးလျော်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်က သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများနှင့်စပ်လျဉ်းသည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

 

DSC_8145