ရန်ကုန် ၆ နိုဝင်ဘာ
၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (I) ပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ စတင်ကျင်းပရာ မြန်မာအသင်းသည် တရုတ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် အာရှထိပ်သီး တရုတ်အသင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့သော်လည်း ခံစစ်ပိုင်းအားနည်းချက်များနှင့် တိုက်စစ်ပိုင်း ဂိုးပေါက်ပျောက်ဆုံးမှုကြောင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲတွင် အရေးနိမ့်ခဲ့သောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် ခက်ခဲသွားပြီဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက တရုတ်အသင်းကို အပြန်အလှန်ကစားနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ပွဲအစ ၉ မိနစ်တွင် နောက်ခံလူ စည်သူမိုးခန့်၏ အမှားမှတစ်ဆင့် တိုက်စစ်မှူး လီကျူဂျန်က တရုတ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရန် တိုက်စစ်မြင့်လာသလို ဂိုးသွင်းခွင့်များလည်း ပြန်လည်ရရှိခဲ့သည်။ မြန်မာအသင်း ချေပဂိုးရနိုင်သည့်အခွင့်အရေးများကို ဟိန်းထက်အောင်နှင့် ခွန်ကျော်ဇင်ဟိန်းတို့ အသုံးမချနိုင်၍ နစ်နာခဲ့ရသည်။ မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ပြည့်စုံနိုင်ကိုထည့်၍ တိုက်စစ်မြင့်ခဲ့ပြီး အခွင့်အရေးများလည်း ထပ်မံရရှိခဲ့သည်။ သို့သော် အသုံးမချနိုင်သောကြောင့် တရုတ်အသင်းက နောက်ထပ်အနိုင်ဂိုးသွင်းယူကာ ပွဲဦးထွက် သုံးမှတ်အပြည့်ရယူခဲ့သည်။ တရုတ်အသင်းအတွက် ဒုတိယဂိုးကို ၆၇ မိနစ်တွင် ကွမ်လောင်က သွင်းယူခဲ့သည်။
အုပ်စု (I) အခြားပွဲတွင် တောင်ကိုရီးယားအသင်းက စင်ကာပူအသင်းကို ၁၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဒုတိယနေ့ကို နိုဝင်ဘာ ၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် စင်ကာပူအသင်းနှင့် တရုတ်အသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်