နမ့်ဆန် ၇ နိုဝင်ဘာ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မင်္ဂလာရပ်ကွက်ရှိ ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS)ရုံးသစ် ဖွင့်ပွဲနှင့် (၃၁)နှစ်မြောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်က အဆိုပါရုံး၌ ပြုလုပ်သည်။
ရုံးသစ်ဖွင့်ပွဲတွင် ဆရာတော်၊ သံဃာတော်တို့ကို ပင့်ဖိတ်၍ ရေစက်ချတရားတော်နာယူကာ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ နံနက်(၈)နာရီတွင် ဒေသဦးစီးအဖွဲ့ အလုပ်အမှု ဆောင် ဦးသိန်းဇော်၊ ဒေသဦးစီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူရသိန်းနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဉက္ကဌ ဦးအောင်ကျော်ဦးတို့က ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ဖွဲကြိုးဖြတ်ဖွင့်ပွဲအပြီးတွင် ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင်နှင့်ဌာနဆိုင်ရာ အကြီးအကဲတို့က ပြည်သူ့ဝန်ဆောင်မှုရုံးသစ်တွင် နေရာချထားမှု များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
နမ့်ဆန်မြို့၌ အဆိုပါ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ပြည်သူတို့၏ အခြေခံ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ဝန်ဆောင်မှုပေးခြင်း၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်း၍ ထိရောက်သော ဝန်ဆောင်မှုပေးခြင်း၊ ပြည်သူများက အစိုးရနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေရန်နှင့် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဦးစီးဌာနများအလိုက် အပြန်အလှန် ထိန်းကျောင်းမှု ပြုနိုင်စေရေး၊ ပြည်သူ့တို့၏ လိုအပ်ချက်များကို တစ်နေရာတည်းတွင် ထိထိရောက်ရောက် ဝန်ဆောင်မှု ပေးနိုင်ရန် ရည်ရွယ်၍ ဌာနပေါင်း(၈)ခုမှ ဝန်ထမ်းများတို့က နေ့စဉ်ရုံးဖွင့်ရက်များတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)


