ရန်ကုန် ၇  နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးနှင့် တရားလွှတ်တော် တရားသူကြီး ဒေါ်စိုးခက်ခက် တို့သည်  ရုံးအဖွဲ့မှူး ဦးရဲလွင်၊ ရန်ကုန် တောင်ပိုင်းခရိုင် တရားသူကြီး ဦးအောင်မြင့်နှင့် တွံတေးမြို့နယ် တရားသူကြီးတို့ လိုက်ပါလျက် ယနေ့ နံနက်ပိုင်း တွင် တွံတေးမြို့နယ် ရွှေသူဌေးစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အဖွဲ့သည် စခန်းရှိ အကျဉ်းသားများ နှင့်တွေ့ဆုံ၍ ဥပဒေပါ အခွင့်အရေးများ ခံစားရရှိခွင့် ရှိ၊ မရှိ၊ ၎င်းတို့၏ နေထိုင် စားသောက်ရေး၊ ကျန်းမာရေးနှင့် အသက်မွေးမှု အတတ်ပညာ သင်ကြားပေးမှု အခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးရန် စခန်းရှိတာဝန်ရှိသူများအား မှာကြားသည်။

 

(သတင်းစဉ်)