မန္တလေး ၇  နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများ အကောင်အထည်ဖော် တည်ဆောက်၍ ဘဏ်ချေးငွေစနစ်ဖြင့် ရောင်းချပေးနိုင်ရန် စီမံချက်များ ရေးဆွဲ၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။

 

လက်ရှိတွင် အိမ်ရာဝယ်ယူရန်အတွက် ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ဘဏ်(CHID)တွင် ငွေစုဆောင်းထားရှိသူ ၂၁၉၉ ဦးရှိပြီး ၎င်းတို့အနက် ကျပ်သိန်း ၁၀ဝ အထက် စုဆောင်းထားရှိသူ ၃၉ ဦး၊ ၆၅ သိန်းနှင့် သိန်း ၁၀ဝ ကြား စုဆောင်းထားသူ ၄၇ ဦး၊ ကျပ်သိန်း ၃၀ နှင့် ၆၅ သိန်းကြား စုဆောင်းထားသူ ၁၈၈ ဦးနှင့် ကျပ်သိန်း ၃၀ အောက် စုဆောင်းထားရှိသူ ၁၉၂၅ ဦး ရှိနေကြောင်း သိရသည်။

 

''ကျွန်တော်တို့ဌာနအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစားတွေနဲ့ ဝင်ငွေနည်းပြည်သူတွေ နေရေးအဆင်ပြေစေဖို့ ဝန်ထမ်းအိမ်ရာတွေနဲ့  တန်ဖိုးမျှတ အိမ်ရာတွေကို ကြိုးစားပြီး အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိပါတယ်။ မြို့ပြစနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကျူးကျော်ပြဿနာတွေ အဆင်ပြေစေဖို့ဆိုတာ အိမ်ရာကဏ္ဍကလည်း အရေးကြီး ပါတယ်။ ပြည်သူတွေ ဝယ်ယူနိုင်စွမ်းရှိတဲ့ အိမ်ရာတွေကို ဘဏ်ချေးငွေနဲ့ အရစ်ကျဝယ်ယူနိုင်ဖို့ အရောင်း အိမ်ရာတွေကို ထပ်မံတည်ဆောက်ပေးဖို့ စီစဉ်နေပါတယ်။ လက်ရှိ CHID ဘဏ်မှာ အိမ်ရာ ဝယ်ယူဖို့ ငွေစုဆောင်းထားသူတွေအတွက် တန်ဖိုးမျှတအိမ်ရာတွေကို ဆောင်ရွက်ပေးဖို့ စီမံချက်တွေ ရေးဆွဲပြီး ကုန်ကျစရိတ်တွေလည်း တွက်ချက်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် တည်ဆောက်ဖို့အတွက် လမ်းညွှန်းမှု ခံယူနေပါတယ် ''ဟု ၎င်းက ပြောသည်။

 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လေးခန်းတွဲ လေးထပ်ပါ တိုက်အလုံးရေ ၂၇ လုံး၊ အခန်းပေါင်း ၄၃၂ ခန်းတည်ဆောက်ကာ တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းလုပ်သက် ၂၅ နှစ်ရှိသူများနှင့် အငြိမ်းစား ဝန်ထမ်းများအား ၂၀၁၆ ခုနှစ် ဧပြီလတွင် ရောင်းချပေးခဲ့ပြီး ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း ၎င်းနေရာအနီး၌ပင် ၈ ခန်းတွဲ ၅ ထပ်ပါ တိုက်အလုံးရေ ၂၀၊ အခန်းပေါင်း ၈၀ဝ ကို တည်ဆောက်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံဝန်ထမ်း အငြိမ်းစားဝန်ထမ်း ကုမ္ပဏီဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများအား ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် မဲစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)