မန္တလေး ၇ နိုဝင်ဘာ
မန္တလေးမြို့၏ အထင်ကရ ဘုရားတစ်ဆူဖြစ်သည့် အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိ နန်းမြေဘုံသာ စံနန်းတော် ရာစန္ဒာမုနိဘုရားရုပ်ပွားတော်အား ရွှေသင်္ကန်းအသစ်ကပ်လှူခြင်း၊ စန္ဒာကုဋိတိုက်ရွှေသားမျက်နှာကြက်တော် အသစ်ပြုလုပ်ပူဇော်ခြင်း၊ စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်အသစ်၊ ရွှေထီးတော်အသစ်တင်လှူပူဇော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။ ပူဇော်မှုအစုစုအတွက် ကုန်ကျငွေကို ဦးဝင်းဆွေ၊ ဒေါ်တင်တင်ခိုင်၊ မန်းရွှေလီနှင့် BOC ကုမ္မဏီမှ အကုန်အကျခံလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
စန္ဒာမုနိဘုရားရုပ်ပွားတော်မှာ ဘိုးတော်ဘုရား မင်းကွန်းပုထိုးတော်ဘုရားကြီး တည်နေစဉ် မင်းကွန်းဘက်ကမ်းရှိ နန်းတော် ကျွန်းယာယီစံနန်းတော်၌ စံတော်မူစဉ် သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ အမရပူရခေတ်တွင် သံဖြင့် ပထမဆုံးသွန်းလောင်းနိုင်သော ဆင်းတုတော်လည်း ဖြစ်သည်။
ရုပ်ပွားတော်မြတ်သည် အညစ်အကြေးကင်းစင်၍ ကောင်းကင်၌ ထွန်းပလျက်ရှိသည့် လပြည့်ဝန်းပမာ အလွန်သပ္ပာယ်လှသည့် အသရေတော်ဆောင်သဖြင့် စန္ဒာမုနိဟူသော ဘွဲ့တော်ကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ၁၁၆၄ ခုနှစ်တွင် သွန်းလောင်းခဲ့ခြင်းဖြစ်ပြီး ဉာဏ်တော် ၅ တောင် ၂ မိုက်ရှိကြောင်း သိရသည်။
ဆင်းတုတော်ကြီးကို အမရပူရသို့ ပင့်ဆောင်ပြီး စေတီတော်တည်ပြီး ထိုစေတီ၏ လိုဏ်မုခ်၌ ပူဇော်တော်မူသည်။ ထို့နောက် စတုတ္ထအင်းဝနန်းတည် ဘကြီးတော်လက်ထက်တွင် အင်းဝမြို့သို့ ပင့်ဆောင်၍ မဟာမုနိဘုရားအရှေ့ဘက်၌ ဘုံ ၇ ဆင့် ရှိသော ပြဿဒ်ဆောက်လုပ်၍ ပြောင်းရွှေ့ကိုးကွယ်တော်မူသည်။ တစ်ဖန် သာယာဝတီမင်းလက်ထက်တွင် အင်းဝမှ မူလ ကိုးကွယ်ရာဖြစ်သော အမရပူရမြို့ စန္ဒာမုနိစေတီတော်မုဒ်လိုဏ်အတွင်း ပင့်ဆောင်ကိုးကွယ်တော်မူသည်။
နောက်ဆုံးတွင် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းလက်ထက်တွင် ယခုတွေ့မြင်ဖူးမြော်ရသော မန္တလေးတောင်ခြေသို့ ပြောင်းရွှေ့အပူဇော်ခံသည်။
စန္ဒာမုနိဘုရားတည်နေရာပရိဝုဏ်သည် မန္တလေးမြို့တည်ထောင်စဉ်က ကြီးကြပ်ဆောင်ရွက်ရန် အဆောက်အအုံများ ဆောက်လုပ်ကာ နန်းမြေဘုံသာစံနန်းတော်ဟု သမုတ်ပြီး ယာယီစံမြန်းခဲ့သောနေရာဖြစ်သည်။ ယာယီစံနန်းတော်အတွင်း၌ တည်ခဲ့ သော ဘုရားကိုလည်း စန္ဒာမုနိရုပ်ပွားတော်ကို အကြောင်းပြု၍ စန္ဒာမုနိဘုရားဟု တွင်ခဲ့သည်။
သက္ကရာဇ် ၁၂၇၅ ခုနှစ်တွင် တောင်ခွင်သာသနာပိုင် ဆရာတော်ကြီးများကို လျောက်ထားကာ အဌကထာနှင့် ဋီကာကျောက်စာချပ် ၁၇၇၄ ချပ်၊ ကျောက်စာများမှာ ဘုရား၏ တနဂငေ်္နွထောင့်တွင် ၄၅၅ ချပ်၊ အင်္ဂါထောင့်တွင် ၄၅၅ ချပ်၊ စနေထောင့်တွင် ၄၃၂ ချပ်နှင့် ရာဟုထောင့်တွင် ၄၃၂ ချပ်စိုက်ထူထားခဲ့သည်။ ကျောက်စာများအားလုံး အမိုးအကာအောက် ရောက်ရှိအောင် ဓမ္မစေတီများ ဆောက်လုပ်ရန် စီစဉ်နေစဉ် ရသေ့ကြီးဦးခန္တီပျံလွန်တော်မူခဲ့ရာ ကျောက်စာချပ်ရေ ၈၉၁ ချပ်မှာနှစ် ၇၀ ခန့် ရာသီဥတုဒဏ်ခံရပြီး ပျက်စီးမှုများရှိခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံတော်မှ ဘုရားပုထိုးစေတီတော်များပြုပြင်ရန် ရန်ပုံငွေထုတ်ပေးခဲ့ရာ ခွင့်ပြုရန်ပုံငွေနှင့် အများပြည်သူထည့်ဝင်လှူဒါန်းငွေ စုပေါင်းပြီး လိုအပ်သောအခန်းများနှင့် ဓမ္မစေတီများကို ၁၉၉၂ ခု နိုဝင်ဘာလမှ စတင်ဆောက်လုပ်ခဲ့သည်။
ယခုအခါ ကျောက်စာများကိန်းဝပ်ရာ ဓမ္မစေတီပေါင်း ၂၅၀၊ ထိုဂူများတွင် ကျောက်စာချပ်ရေ ၂၅၀နှင့် ကျောက်စာချပ်ရေ ၃ ချပ်တွဲ ဂူပေါင်း ၅၀၈ ဂူတွင် ကျောက်စာချပ်ရေ ၁၅၂၄ ချပ်ရှိရာ ဂူပေါင်း ၇၅၈ ဂူတွင် ကျောက်စာချပ် ရေ ၁၇၇၄ ချပ်ရှိ ကြောင်း သိရသည်။
အေးမြ(မန္တလေး)


