နေပြည်တော် ၇ အောက်တိုဘာ

 

ပုဂံဒေသ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ပုဂံဒေသ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Bagan International Coordinating Committee - BICC) ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယမန်နေ့က ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

 

အလားတူ ဂျာမနီနိုင်ငံမှ သံအမတ်ကြီး၊ အိန္ဒိယနိုင်ငံမှ ကောင်စစ်ဝန်ချုပ်၊ ကိုရီးယား သမ္မတနိုင်ငံသံမှူးကြီး၊ ကိုရီးယားသမ္မတနိုင်ငံ Cultural Heritage Administration၊ UNESCO ရန်ကုန်တာဝန်ခံတို့ကလည်း အမှာစကားပြောကြားခဲ့ကြပြီး Korea Cultural Heritage Foundationမှ ထုတ်ဝေထားသည့် စာအုပ်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ထို့နောက် ငလျင်အလွန် မူလအခြေအနေအတိုင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုအစီရင်ခံစာများကို  မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ Technical Expert Team (TET) နှင့် Technical Support Team(TST) တို့မှ တာဝန်ရှိသူများက တင်ပြကြသည်။

 

ဆက်လက်၍ ညောင်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အလှူငွေ လက်ခံရရှိခြင်းနှင့်ပတ်သက်ပြီး တိုးတက်မှုအစီရင်ခံစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မူလအခြေအနေအတိုင်း ထိန်းသိမ်းခြင်း လုပ်ငန်းများ တိုးတက်မှုအစီရင်ခံစာ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ မူလအခြေအနေအတိုင်း ထိန်းသိမ်းခြင်းနှင့် နံရံဆေးရေးပန်းချီ ထိန်းသိမ်းရေးလုပ်ငန်း အစီရင်ခံစာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖတ်ကြားတင်ပြခဲ့ကြသည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂံဒေသအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျာမနီနိုင်ငံ (Cologne Institute of Conservation Science)၊ ဂျာမနီနိုင်ငံ(GEKE)၊ ကိုရီးယားသမ္မတနိုင်ငံ (KCHF)၊  အမေရိကန်နိုင်ငံအခြေစိုက် Getty Conservation Institute(GCI) နှင့် SEAMEO SPAFA တို့မှ တာဝန်ရှိသူများက တင်ပြခဲ့ကြသည်။

 

ဆက်လက်၍ ပြည်ပ ပညာရှင် Mr. Rodolfo Lujan, Expert Technical Advisory Group နှင့် Mr. Aurn Menon, Expert, Technical Advisory Group တို့က ငလျင်အလွန် မူလအခြေအနေအတိုင်း ထိန်းသိမ်းရေးလုပ်ငန်း တိုးတက်မှုများ၊ Technical Expert Team မှ ယခုဆောင်ရွက်နေသော လုပ်ငန်းများအပေါ် အခြေခံ၍ အနာဂတ်တွင် လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များကို တင်ပြရာ ရှေဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တင်ပြခဲ့သည့် အစီရင်ခံစာများနှင့် လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

 

သတင်းစဉ်