ရန်ကုန် ၇ နိုဝင်ဘာ 

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က ကြီးမှူးကျင်းပသည့် (၁၉)ကြိမ်မြောက် သုတေသနညီလာခံဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။ 

 

a

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက (၁၉)ကြိမ်မြောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆုများအဖြစ် ဝိဇ္ဇာဘာသာရပ်(၃)ဆု၊ သိပ္ပံပညာရပ်ဆု(၄)ဆု၊ လူမှုရေးပညာရပ်ဆု(၂)ဆုတို့ကို ချီးမြှင့်ပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ဆရာ ဆရာမများ၊ ပညာရှင်များက နိုင်ငံတကာအသိအမှတ်ပြုသည့် သုတေသနဂျာနယ်များတွင် ရေးသားသည့် သုတေသနစာတမ်းများ ပိုမိုရေးသားလာသဖြင့် ၂၀၁၆ ခုနှစ်တွင် သုတေသနစာတမ်း (၃၁၃)စောင်၊ ၂၀၁၇ ခုနှစ်တွင် သုတေသနစာတမ်း (၄၅၅)စောင်၊ ၂၀၁၈ ခုနှစ်တွင် သုတေသနစာတမ်း (၅၆၆)စောင် စုစုပေါင်း သုတေသနစာတမ်း (၁၃၂၄)စောင်အထိ ရေးသားနိုင်ခဲ့ကြပြီး စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာသည်ကို တွေ့ရပါကြောင်း။

ယနေ့ဆုချီးမြှင့်သည့် အခမ်းအနားတွင် ဆုရရှိသူများအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနှင့် ချီးမြှင့်သည့်ဆုနှင့် လွဲခဲ့သော်လည်း အကောင်းဆုံး ကြိုးစား၍ အရည်အသွေးရှိသော သုတေသနစာတမ်းများကို ပြုစုတင်ပြဆွေးနွေးခဲ့ကြသည့် ဆရာ ဆရာမများ၊ ပညာရှင်များကိုလည်း မှတ်တမ်းတင်ပါကြောင်း၊ ဆရာ ဆရာမများနှင့် ပညာရှင်များအနေဖြင့် အရည်အသွေးရှိသော အသုံးချသုတေသနဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် သင်ယူရာတွင် တော်ကြသကဲ့သို့ ကျောင်းသား ကျောင်းသူများကိုလည်း စိတ်ခံစားမှုဖွံ့ဖြိုးလာစေရန်နှင့် လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုရှိစေရန် နက်နက်နဲနဲသင်ယူပြီး တစ်သက်တာသင်ယူရန်တို့အတွက် တစ်မူထူးခြားသော နည်းလမ်းများဖြင့် ဆောင်ရွက်လာကြသည်ကို အားပေးလျက်ရှိပါကြောင်း။

တက္ကသိုလ်များ ဖွံ့ဖြိုးရေးအတွက်လည်း ကျောင်းသား ကျောင်းသူများအား အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းတီထွင် ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ပြုစုပျိုးထောင်ရေးအတွက် အကောင်အထည်ဖော်နိုင်ရန် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် ရာထူးတိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘက်မလိုက်ဘဲ၊ တရားမျှတစွာ ထိရောက်ပွင့်လင်းမြင်သာမှုရှိသော စီမံခန့်ခွဲမှုဖြင့် အရည်အသွေးရှိသော သင်ယူမှုဝန်းကျင်ကောင်း ဖြစ်လာရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ဝင် ဆရာကြီး ဒေါက်တာမောင်ကျော်က မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆုအတွက် ဆုရအမည်စာရင်းအား ကြေညာသည်။ 

 

a

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့ဆု ရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ 

ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန်းနွဲ့က ၂၀၁၉ ခုနှစ် (၁၉)ကြိမ်မြောက် သုတေသနညီလာခံမှ အကောင်းဆုံး သုတေသနစာတမ်းဆု ရရှိကြသူများအား ကြေညာသည်။ 

ယင်းနောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဂုဏ်ထူးဆောင်နာယက ဆရာကြီး ဒေါက်တာ ဦးသန်းဦးနှင့် တာဝန်ရှိသူများက (၁၉)ကြိမ်မြောက် သုတေသန ညီလာခံမှ အကောင်းဆုံးသုတေသနစာတမ်း ဆုရရှိကြသူများအား ဆုများချီးမြှင့်ကြသည်။

 

a


 
ထို့နောက် ဆုရရှိကြသူများကိုယ်စား စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေး စိတ်ပညာဌာန လက်ထောက်ကထိက ဒေါက်တာရာဇာချစ်က ကျေးဇူးတင်စကား ပြောကြားသည်။ 

၂၀၁၉ ခုနှစ် (၁၉)ကြိမ်မြောက် သုတေသနညီလာခံဆုပေးပွဲတွင် ဝိဇ္ဇာပညာရပ်ဆုရရှိသူ (၃)ဦး၊ သိပ္ပံပညာရပ်ဆုရရှိသူ (၄)ဦး၊ လူမှုရေးပညာရပ်ဆုရရှိသူ (၂)ဦးနှင့် အကောင်းဆုံး သုတေသနစာတမ်းဆု (၃၂) ဦးရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်