နေပြည်တော် ၇ နိုဝင်ဘာ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင် (၂၀၁၉) ပါ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် တစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါကြောင်း။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း “ဗဟိုအစိုးရအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့် ငြိမ်းချမ်းပြီးသာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ခု ဖြစ်လာရန် ဖော်ဆောင်ရာတွင်” မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈ - ၂၀၃၀) (Myanmar Sustainable Development Plan – MSDP)” မှ “ဘက်စုံပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း”ကို လမ်းညွှန်ထားရှိပြီး ယခုမိတ်ဆက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေး မူဘောင်ပါလုပ်ငန်းစဉ်များသည်လည်း ယင်း MSDP စီမံကိန်းကို ချိတ်ဆက်ပြုစုရေးဆွဲထားခြင်း ဖြစ်ပါကြောင်း။
ယခုကဲ့သို့ နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ရာတွင် အုပ်ချုပ်ရေး၊ စီးပွားရေး၊ မြေအသုံးချမှု စသည့် ကဏ္ဍအလိုက် MSDP စီမံကိန်းနှင့်ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း၊ ဥပမာ Land and Property Bank (မြေနှင့်အဆောက်အအုံ သတင်းအချက်အလက် စနစ်) တည်ဆောက်သည့်နေရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသကဲ့သို့ အမျိုးသားမြေအသုံးချမှု ကောင်စီ၏ ကြီးကြပ်မှုနှင့် One Map Myanmar (မြန်မာအမျိုးသားမြေပုံစနစ်) ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိ န်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
ယခုကဲ့သို့ MSDP စီမံကိန်းအောက်တွင်မတူညီသည့် ကဏ္ဍအသီးသီးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း တစ်ခုနှင့် တစ်ခုချိတ်ဆက် ထောက်ကူနေသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ INGO အဖွဲ့အစည်းဖြစ်သည့် Myanmar Information Management Unit (MIMU) ၊ One Map Myanmar အဖွဲ့များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအကြား ပူးပေါင်းဆောင်ရွက်နေကြသည့် NCS (National Coding System) ဆိုသည်မှာ မိမိတို့နိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ အမည်၊ နေရာများကို Code နံပါတ်အသီးသီးနှင့် စနစ်တကျ ရည်ညွှန်းအသုံးပြုနိုင်ရန် မှတ်တမ်းထားမည့် စနစ်ဖြစ်ပါကြောင်း။
NCS စနစ်သည်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် One Map Myanmar စီမံကိန်းကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး One Map Myanmar စီမံကိန်းသည်လည်း Land and Property Bank စနစ်ကို ချိတ်ဆက်အထောက်အကူပြု ပေးနိုင်မည်ဖြစ်ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် Land and Property Bank စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက Ease of Doing Business Ranking အဆင့်များ တိုးတက်လာမည်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာရေး၊ စီးပွားရေးတိုးတက်ရေးတို့ကို များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင်ကို MSDP စီမံကိန်းနှင့် ချိတ်ဆက်ရေးဆွဲထားခြင်းဖြစ်ပြီး ယင်းမူဘောင်တွင်အဓိက အပိုင်း(၂)ပိုင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဆောင်ရွက်ရမည့်အပိုင်း (နယ်ပယ် ၁ မှ ၄ အထိ)နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ပါဝင်မှုဖြင့် ဆောင်ရွက်ရမည့်အပိုင်း (နယ်ပယ် ၅ နှင့် ၆) တို့ပါရှိပါကြောင်း။
အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင်ကို ရေးဆွဲခဲ့ရာတွင် အဓိကထားသည့် အချက်တစ်ချက်မှာ ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန် (Teamwork is key to success) ဆိုသည့် အချက်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လိုလားချက်များကို ဦးတည်ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများကို ထိထိရောက်ရောက် အထောက်အကူပြုနိုင်ရန်အတွက်လည်း ရည်မှန်းရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း။
ထို့ပြင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အတိုင်း ၂၀၂၀ ပြည့်ခုနှစ်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန်၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲကော်မရှင်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး အခြေခံမဲစာရင်း ကောက်ယူနိုင်ရေးအတွက် အဓိကကျသည့် လူဦးရေစာရင်းကို ၂၀၁၉ ခုနှစ်ဇွန်လမှ စက်တင်ဘာလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် (၁၀ဝ)ရာခိုင်နှုန်း ကောက်ယူပြီးစီးခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လွှဲပြောင်းပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း။
ထို့ပြင် ပြည်သူနှင့်အတူ (Together with the People) ဆိုသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင်ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် မြို့နယ်အလိုက် ပြည်သူကိုဗဟိုပြုဆောင်ရွက်မည့် Town Hall Meeting များ ပြုလုပ်ရာတွင်လည်းတို င်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၏ ကြီးကြပ်ပါဝင်မှုများနှင့်အတူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင် (၂၀၁၉) ပါတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ပါဝင်မှုနှင့် ဆောင်ရွက်ရမည့် နယ်ပယ် ၅ နှင့် နယ်ပယ် ၆ ပါ လုပ်ငန်းစဉ်များကိုသာမက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဆောင်ရွက်ရမည့် နယ်ပယ် ၁ မှ ၄ အထိ လုပ်ငန်းစဉ်များကိုပါ ဝန်ကြီးချုပ်များအနေဖြင့် လိုအပ်ချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပေးရန်နှင့် အကြံပြုပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ အချို့သော တိုင်းဒေသကြီး/ ပြည်နယ်များတွင် စတင်ဆောင်ရွက် နေပြီဖြစ်သည့် One State One Township Project စီမံကိန်းများ အောင်မြင်နေသည်ကို ကြားသိရ၍ များစွာဝမ်းမြောက်မိပါကြောင်း၊ ကျန်ရှိသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း One State One Township Project စီမံကိန်းများနှင့် မြို့နယ်အလိုက် Town Hall Meeting များအောင်မြင်စွာ ပြုလုပ်နိုင်ရန်အတွက် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် ပါဝင်ကြီးကြပ်ပေးနိုင်ရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင် (၂၀၁၉) ပါ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် One Map Myanmar မှ GIS Programme Manager ဦးကျော်နိုင်ဝင်းက National Coding System Database (NCS) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင် (၂၀၁၉) ပါ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပေါင်းစပ်ညှိနှိုင်းပေးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များဖြစ်ကြသည့် ဒေါက်တာ ခက်အောင်၊ ဦးအယ်လ်ဖောင်းရှို၊ ဦးဆလိုင်းလျန်လွယ်၊ ဒေါက်တာမြင့်နိုင်၊ ဦးမြင့်မောင်၊ ဦးဝင်းသိန်း၊ ဒေါက်တာအောင်မိုးညို၊ ဦးညီပု၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာလင်းထွဋ်နှင့် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မွန်ပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဝဏ္ဏကျော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


