နေပြည်တော် ၇ နိုဝင်ဘာ

 

Myanmar Unified platform for Disaster Risk Application (MUDRA) (မုဒြာ)ဟု အမည်ပေးထားသော Online Platform ကို ဆက်စပ်ပတ်သက်သည့် ဌာနဆိုင်ရာအသီးသီးသို့ မိတ်ဆက်ဖြန့်ချိခြင်းနှင့် လက်တွေ့စမ်းသပ် အသုံးပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက MUDRA Platform ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခြင်းသည် နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသော e -Government လုပ်ငန်း အားဝန်ကြီးဌာနအနေဖြင့် တစ်စိတ်တစ်ဒေသဖော် ဆောင်ခြင်းပင်ဖြစ်ပါကြောင်း၊ အဆိုပါ e-Government ဦးဆောင်ကော်မတီ၏ နာယက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က e – Government အမြန်ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည့် အရေးကြီးသည့် အချက်(၃)ချက်ကို လမ်းညွှန်မှာကြားထားပါကြောင်း၊ ၎င်းတို့မှာ (၁) ကျွမ်းကျင်မှု၊ (၂) ရင်းနှီးမြှပ်နှံမှုနှင့် (၃) ပူးပေါင်းဆောင်ရွက်မှုတို့ပင် ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအနက် ကျွမ်းကျင်မှုကို ရရှိနိုင်ရန် အချိန်ယူဆောင်ရွက်ရပါကြောင်း၊ ထိုနည်းတူစွာ ရင်းနှီးမြှပ်နှံမှုတွင်လည်း နိုင်ငံ၏ရန်ပုံ ငွေကြေးရရှိနိုင်မှု အပေါ်မူတည်၍ ဆောင်ရွက်ရသည့်အတွက် အကန့်အသတ်ဖြင့် ဆောင်ရွက်ရပါကြောင်း၊ တတိယအချက်ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုသည်လက်ရှိလည်း ဆောင်ရွက်နေပြီး ချက်ချင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းလည်း ဖြစ်ပါကြောင်း။

 

ယခု MUDRA သည် e-Government အတွက်ပူးပေါင်းဆောင်ရွက်မှု၏ နမူနာကောင်းတစ်ခု ဖြစ်ပါကြောင်း၊ မည်သူမဆို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန်နှင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝဘေးဒဏ် ကျရောက်နိုင်ခြေမြင့်မားသော ဧရာဝတီတိုင်းဒေသကြီးအတွက် ကနဦးသီးခြားဆန်းစစ် လေ့လာမှုများပြုလုပ်ခဲ့ပြီးဖြစ်ရာ ရေဘေး၊ မုန်တိုင်း ဒီရေဘေးနှင့် မုန်တိုင်းလေပြင်းဘေးများ ကျရောက်နိုင်ခြေ ခန့်မှန်းတွက်ချက်ခြင်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် လိုအပ်သော မြို့နယ်အလိုက် အန္တရာယ်ပြမြေပုံများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ သိုလှောင်ရုံများ၊ ဘေးဒဏ်ခံအဆောက်အဦများနှင့် ပတ်သက်သော အချက်အလက်များကို လေ့လာနိုင်ပြီဖြစ်ကြောင်း။

 

ယခု Platform ပေါ်တွင်ဌာနပေါင်း (၂၆)ခု၏အချက် အလက်များကို ထည့်သွင်းထားပြီး နောက်ပိုင်းတွင်လည်း သက်ဆိုင်ရာဌာနများက မိမိတို့၏ သတင်းအချက်အလက်များကို အချိန်ကာလ အပိုင်းအခြားပေါ်မူတည်ပြီး နောက်ဆုံးအခြေအနေများကို ဖြည့်သွင်းပေးကြရန် လိုအပ်ကြောင်း၊ MUDRA Platform ကရရှိသော အသိပညာအချက်အလက်များကို အသုံးချ၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပိုမိုထိရောက်အောင် ထိခိုက်ဆုံးရှုံးမှုများကို အစွမ်းကုန်လျှော့ချပေးနိုင်အောင် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြည်သူလူထု၏ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးစေရေး လုပ်ငန်းစဉ်တွင် ပြည်သူများ သဘောပေါက်နားလည်စေမည့် စွမ်းဆောင်ရည်ရရှိစေခြင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဘေးဒဏ်ခံနိုင်ရည်ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်နိုင်စေမည့် စွမ်းဆောင်ရည်ရရှိစေခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုများအတွက် ရန်ပုံငွေကြေး သတ်မှတ်ဆောင်ရွက်ခြင်းကိစ္စရပ်များတွင် သိမြင်သဘောပေါက်မှုနှင့် စွမ်းဆောင်ရည်ရရှိစေခြင်းစသော ရလဒ်ကောင်းများဖြင့် အကျိုးပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကနေဒါသံရုံးမှ Head of Cooperation, Ms. Eileen Stewart နှင့် ADB ၏ Country Director, Mr. NewinSinsiri တို့က MUDRA Online Platform အောင်မြင်စွာ တည်ဆောက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားကြသည်။

 

အခမ်းအနား ဒုတိယပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က MUDRA နှင့်ပတ်သက်၍မူဝါဒပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက MUDRA Platform အသုံးပြုမှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်