လွိုင်ကော် ၇ နိုဝင်ဘာ
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်တွင် စတုတ္ထအကြိမ် မသိုး သင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဒုတိယအကြိမ် မီးပုံးပျံလွှတ်တင်ပွဲတော်ကို နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ (၅)ညတိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ပြီး စင်တင်တေးဂီတဖျော်ဖြေပွဲ ထည့်သွင်း၍ နိုင်ငံကျော် အဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။
အဆိုတော်များမှာ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် Mဇော်ရိန်၊ မေကြည်၊ စောထက်နိုင်စိုး၊ ခိုင်သဇင်သင်းနှင့် David Lai၊ ၁၁ ရက်နေ့တွင် ဇင်ကြီး၊ ငွေဇင်လှိုင်း ၊ ခူးထဲဖဲ ၊ လမင်းအိမ်နှင့် Paul Austin ၊ ၁၂ ရက်နေ့တွင် ပိုးမီ၊ ယွန်းနှင့် နေမင်းအိမ်၊ ၁၃ ရက်နေ့တွင် ဘိုဖြူ ၊ ထွန်းရတီ ၊ Wanted တို့ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မီးပုံးပျံပွဲတော်ကို ယမန်နှစ်က စတင်ကျင်းပခဲ့ရာ မီးပုံးပျံ(၂၂)လုံး ပါဝင်ယှဉ်ပြိုင်လွှတ်တင် ပူဇော်ခဲ့ကြပြီး ယခုနှစ်တွင် ညမီးကြီး ၂၄လုံး ပါဝင်ယှဉ်ပြိုင်လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်းနှင့် ယခင်နှစ်ကထက် ဆုငွေများတိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မီးပုံးပျံပြိုင်ပွဲ ဆုရွေးချယ်ရေး ဒိုင်ချုပ် ဦးစိုင်းဘိက ပြောကြားသည်။
ယခင်နှစ်က မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများကို မိုးကောင်းဘုရားတွင်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဗုဒ္ဓဉယျာဉ်အတွင်းသို့ မီးပုံးပျံပြိုင်ပွဲနှင့်အတူ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ပြီး ယခင်နှစ်ကထက် ပိုမိုစည်ကားအောင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
လွိုင်ကော်သား


