ရန်ကုန် ၇ နိုဝင်ဘာ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော တတိယအကြိမ် မြို့တော်ဝန်ဆု ပြည်သူ့နီတိ အသိပညာပေးစာမေးပွဲ ကျောင်းအဆင့်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၄၃ မြို့နယ်ရှိ(ကိုကိုးကျွန်းမြို့နယ်နှင့်ဆိပ်ကမ်းမြို့နယ်မှအပ) အခြေခံပညာ ကျောင်း များ၌ ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူများ ဖြေဆိုနေမှုကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင်များ၊ စာရေးဆရာကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များခွဲ၍ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
မြို့တော်ဝန်ဆု ပြည်သူ့နီတိ အသိပညာပေးစာမေးပွဲကို ၂၀၁၇ ခုနှစ်မှစတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် ၃ ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်ဧပြီလတွင် ပထမအကြိမ်ကျင်းပခဲ့ရာ ဗဟိုအဆင့် တစ်ခုတည်းသာ ကျင်းပနိုင်ခဲ့ပြီး မူလတန်းအဆင့် ၅၂ ဦး၊ အလယ်တန်းအဆင့် ၆၈ ဦး၊ အထက်တန်းအဆင့် ၂၆ ဦး စုစုပေါင်း ၁၄၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ ဒုတိယအကြိမ် ပြည်သူ့နီတိပြိုင်ပွဲ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသော ဗဟိုအဆင့် ပြိုင်ပွဲသို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင် မြို့နယ်အဆင့်မှ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူ ၉ ဦးစီဖြင့် ၄၃ မြို့နယ်မှ ကျောင်းသား/ကျောင်းသူ ၃၈၇ ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသော တတိယအကြိမ်မြောက် မြို့တော်ဝန်ဆု ပြည်သူ့နီတိ အသိပညာပေးစာမေးပွဲ ကျောင်း အဆင့်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသားများ၏ ဖြေဆိုနေမှုများကို အရှေ့ပိုင်းခရိုင်အတွင်း ကျောင်းများသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ အနောက်ပိုင်းခရိုင်အတွင်း ကျောင်း များသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးဝင်းမြင့်သန်း၊ တောင်ပိုင်းခရိုင်အတွင်း ကျောင်း များသို့ မြန်မာစာရေးဆရာကလပ် ဥက္ကဋ္ဌ ဦးကောင်းသန့် ၊ မြောက်ပိုင်းခရိုင်အတွင်း ကျောင်းများသို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးစိန်အုန်း ၊ တွံတေး၊ ကော့မှူးမြို့နယ်များရှိ ကျောင်းများသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းဟန် ၊ သန်လျင်၊ကျောက်တန်းမြို့နယ်များရှိ ကျောင်း များသို့ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန ဌာနမှူးဦးတိုးအောင်နှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးခဲ့ကြသည်။
“ပြည်သူ့နီတိဆိုတာ ကျင့်ဝတ်၊ ပြည်သူပြည်သားတွေ လိုက်နာရမယ့် ကျင့်ဝတ်ပါ ကလေးတွေရဲ့ ပြောမှု၊ ဆိုမှု၊ ဝတ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှု၊ ပေါင်းသင်းဆက်ဆံရေး ဘယ်လိုတွေ ပေါင်းသင်းဆက်ဆံရမယ်၊ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား ဒါတွေအားလုံးဟာ ပြည်သူ့နီတိပါပဲ ကလေးတွေဟာ များသောအားဖြင့် သိသွားရင်လိုက်နာတယ်၊ သူတို့သိသွားအောင် ဟောပြောပွဲတွေ လုပ်ပေးတယ်၊ အခုလို စာမေးပွဲတွေ စစ်ပေးတယ် ဆိုတာက ပိုပြီးစိတ်ဝင်စားအောင် လုပ်ပေးတာပါ အဓိကကတော့ ကိုယ့်ကြောင့် သူများ အနှောက်အယှက် မဖြစ်အောင်နေတတ်တာ၊ ကိုယ်ရဲ့အပြောအဆို အပြုအမူကြောင့် သူများကို အနှောက် အယှက်မဖြစ်အောင် နေတတ်တာ ကိုယ်မကြိုက်တဲ့ဟာကို သူများကိုလည်း သွားမလုပ်နဲ့။ ကိုယ့်ကိုလည်း သူများမလုပ်ဖြစ်အောင် စောင့်ထိန်းတာဟာ ပြည်သူ့နီတိပါပဲ။ ပညာရေးစကားနဲ့ ပြောမယ်ဆိုရင် ဘဝပညာ၊ စာတွေကျက်နေတာက အတန်းပညာ၊ အတန်းပညာလည်း အရေးကြီးပါတယ်၊ ဘဝပညာက ပိုအရေးကြီး တယ်၊ အဲ့ဒီ ဘဝပညာဆိုတာ ပြည်သူ့နီတိပါပဲ။ အတန်းပညာဆိုတာ အချိန်တန်ရင် မေ့လို့ရတယ်၊ ပြည်သူ့နီတိ ဆိုတဲ့ ဘဝပညာကို ဘယ်တော့မှ မေ့လို့မရဘူး” ဟု ဆရာကြီး ဦးကြည်သန်း (မောင်ဒီပ-ပညာရေး) က ပြည်သူ့နီတိနှင့်ပတ်သက်၍ ပြောကြားသည်။
အဆိုပါ ပြည်သူ့နီတိပြိုင်ပွဲကို ကျင်းပရခြင်းမှာ ကျောင်းသားလူငယ်လူရွယ်များ ယဉ်ကျေးမှုနှင့် စာရိတ္တ မဏ္ဍိုင်များ မြင့်မားလာစေရန် အပြုအမူ၊ အပြောအဆိုနှင့် ဆက်ဆံရေးနယ်ပယ်များတွင် လိမ္မာယဉ်ကျေး လာစေရန်၊ စည်းကမ်းကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် အနာ ဂတ် နိုင်ငံသားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
လင်းညွှန့်၊ ဓာတ်ပုံ - ထိန်လင်း


