အိမ်မဲ ၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း စီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (အိမ်မဲ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို အထက(၁)ကျောင်း၌ နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယနေ့ဒုတိယနေ့တွင် ပြပွဲ၊ ပြိုင်ပွဲများ၌ ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ လျက်ရှိသည်။
ကလေးစာပေပွဲတော်ကို ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးရေး၊ စာပေဗဟုသုတရရှိရေး၊ ဉာဏ်ရည် ထက်မြက်ရေး၊ ကလေးများ၏ စွမ်းရည်များမြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ပြီး ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြောပြိုင်ပွဲများ၊ စက္ကူခေါက်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲများအပြင် ထုပ်ဆီးတိုး၊ ဂိမ်းကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးပွဲများပါဝင်ကာ လာရောက်လေ့လာသော အခြေခံပညာ ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များက ပြပွဲ၊ ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။
အစုအဖွဲ့ဖြင့် ပါဝင်ယှဉ်ပြိုင်ရသည့် ဘောလုံးကန်၊ ပူဖောင်းညှပ်၊ ဘိုးလိန်းပစ်ကစားနည်း၊ ခုံဖိနပ်စီး အပါအဝင် တစ်ဦးချင်း ယှဉ်ပြိုင်ရသည့် ခါးကွင်းလှည့်၊ ကြက်ဥကောက်၊ ဆေးရောင်ချယ်၊ စက္ကူခေါက်၊စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ကလေးငယ်များက အလှည့်ကျ စောင့်ဆိုင်းပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - လွှမ်းသီဟ၊ ဝင်းကြိုင် (ပြန်ဆက်)


