သထုံ ၇ နိုဝင်ဘာ
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၊ ငါးပြေမကျေးရွာ အမကကျောင်းတွင် ယနေ့ မွန်းလွဲပိုင်းက ကလေးတစ်ဦး၏ မွေးနေ့အလှူအဖြစ် ဧည့်ခံကျွေးမွေးသည့် ရေခဲမုန့်နှင့် ကိတ်မုန့်တို့အား စားသောက်ရာမှ ကျောင်းသား ကျောင်းသူများ အစာအဆိပ်သင့်ပြီး မူးဝေအော့အန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ရေခဲမုန့်နဲ့ မွေးနေ့ကိတ်ကို ညနေ ၁ နာရီလောက်မှာ စားတယ်။ စားပြီးတော့ ကျောင်းသား၊ ဆရာမ နဲ့ ဝိုင်းလုပ်တဲ့သူတွေ မူးဝေအော့အန်တာတွေဖြစ်ပြီး လက်ရှိအချိန်အထိ စုစုပေါင်း အယောက် ၄၀ ကျော်လောက် သိမ်ဆိပ်တိုက်နယ်ဆေးရုံနဲ့ သထုံဆေးရုံကိုကိုရောက်တယ်။ တချို့လည်း စားပြီ အိမ်ပြန်ရောက်မှဖြစ်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နီးစပ်ရာဆေးရုံဆေးခန်းတွေ သွားကြတာရှိတယ်" ဟု သထုံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သင်းသင်းအိက ပြောသည်။
အစာအဆိပ်သင့် ကျောင်းသားကျောင်းသူများမှာ စိုးရိမ်ရသည့်အခြေအနေမရှိသော်လည်း စောင့်ကြည့်နေဆဲဖြစ်ပြီး အစားအသောက်နမူနာများကိုလည်း ဓာတ်ခွဲစစ်ဆေးရန် ပို့ဆောင်ထားကြောင်း ဒေါက်တာ ဒေါ်သင်းသင်းအိက ဆက်လက်ပြောကြားသည်။
ငါးပြေမကျေးရွာမှ ကလေးငယ်တစ်ဦး၏ မွေးနေ့အဖြစ် အဘိုးအဘွားတို့က သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ ပဲခူးစုရပ်ရှိ ရေခဲမုန့်အရောင်းဆိုင်တစ်ဆိုင်မှ ရေခဲမုန့်နှင့် မွေးနေ့ကိတ်အားမှာယူကာ အမက ငါးပြေမကျောင်း၌ သွားရောက်ကျွေးမွေးရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း ၁၀၉ ဦးတို့စားသောက်ခဲ့ကြပြီး ဆရာမတစ်ဦးနှင့် ကျောင်းသား/ကျောင်းသူ ၅၈ ဦးတို့ မူးဝေအော့အန်မှု ဖြစ်ပွားခဲ့ကြောင်း သိမ်ဆိပ်နယ်မြေရဲစခန်းမှ သိရသည်။
အစာအဆိပ်သင့်သူများအား ကျေးရွာမှတာဝန်ရှိသူများ၊ သထုံမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေး အဖွဲ့များတို့က အမြန်ဆုံးကုသမှုခံယူနိုင်ရေးအတွက် ဆေးရုံသို့ လူနာတင်ယာဉ်များဖြင့် ကူညီပို့ ဆောင်ပေးခဲ့ကြပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံနှင့် သထုံခရိုင်ပြည်သူ့ဆေးရုံတို့မှ ကျန်းမာရေးဝန်ထမ်း များက ကြပ်မတ်စစ်ဆေးကုသမှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
သက်ဦး(သထုံ)


