ရန်ကုန် ၇ နိုဝင်ဘာ
ဒိန်းမတ်နိုင်ငံ Toolbox Film ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် စစ်ကိုင်းတောင်ရိုး ဇေယျသိင်္ဂီကျောင်းတွင် သီလရှင်အဖြစ်ခံယူခြင်း၊ သီလရှင်များ စောင့်ထိန်းလိုက်နာရမည့် သီလအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သီလရှင်များ စာပေလေ့လာသင်ယူခြင်းတို့ကိုလည်းကောင်း၊ မင်းကွန်းဒေသ၊ ချောင်းမကြီးကျေးရွာရှိ အမှတ်(၂၇) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စာသင် ကြားခြင်း၊ ချောင်းမကြီးကျေးရွာမှ ဆဋ္ဌမတန်းကျောင်းသူနှစ်ဦး သီလရှင်ဝတ်ရန် ပြင်ဆင်နေခြင်းတို့ကို လည်းကောင်း မှတ်တမ်းရိုက်ကူးသည်။
အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ချောင်းမကြီးကျေးရွာမှ သီလရှင်ဝတ်မည့် ကျောင်းသူနှစ်ဦးအား သီလရှင်ဝတ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ၎င်းတို့၏ စိတ်ခံစားမှုများအား တွေ့ဆုံမေးမြန်းခြင်း၊ ၎င်းတို့၏ အနာဂတ်ရည်မှန်းချက်၊ ဧရာဝတီမြစ်ကမ်းရှိ သဲသောင်ပြင်တွင် ၄င်းတို့နှင့် သူငယ်ချင်းများ ပျော်ရွှင်စွာ ဆော့ကစားနေခြင်းတို့ကို ရိုက်ကူးခဲ့ကြောင်း၊ နိုဝင်ဘာ ၅ ရက်ကလည်း ၎င်းတို့ ၏ နေအိမ်များတွင် နေထိုင်ပုံ၊ ကျောင်းတက်ရာတွင် စာမသင်ကြားမီ ကျောင်းသား/သူများ စုပေါင်း၍ ကျောင်းဝင်းအတွင်းရှိ စေတီတော်၌ ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံနှင့်အညီ ဘုရားရှိခိုးပြီး ဆရာတော်ထံမှ အဆုံးအမ သြဝါဒခံယူပြီးမှ စာသင်ကြားခြင်းတို့ကို ရိုက်ကူးခဲ့ကြသည်။
နိုဝင်ဘာ ၈ ရက် မှ ၁၄ ရက်များတွင် ၎င်းအဖွဲ့သည် မင်းကွန်းပုထိုးတော်ကြီးအနီးရှိ ဓမ္မစေတီ ကျောင်းတိုက်တွင် ၎င်းတို့နှစ်ဦး သီလရှင်ဝတ်ကြပုံနှင့် သီလရှင်ဘဝ ပုံရိပ်များ၊ မြသိန်းတန် စေတီတော်၊ မင်းကွန်းခေါင်းလောင်းကြီး၊ မင်းကွန်းပုထိုးတော်ကြီး စသည့် မင်းကွန်းဒေသ၏ ရှုခင်းများကို ဆက်လက် ရိုက်ကူးမည်ဖြစ်ပြီး ထိုသို့ ရိုက်ကူးထားမှုများကို ဒိန်းမတ်နိုင်ငံ Toolbox Film(www.took box film dk) ရုပ်သံလိုင်းတွင် " Kids On The Silk Road " ခေါင်းစဉ်ဖြင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရိုက်ကူးထုတ်လွှင့်ခြင်းနှင့် အစီအစဉ်ကို နိုင်ငံပေါင်း(၁၅)နိုင်ငံတွင် သွားရောက်ရိုက်ကူးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မျိုးအိဝင်း (FDC)


