၈ နိုဝင်ဘာ

 

ပြင်းလွန်းတဲ့အပူရှိန်ကို အံတုပြီး လှုပ်ရှားသွားလာနေရတာ အတော်ပင်ပန်းပါတယ်။ခုချိန်မှာ အရိပ်ထဲ နေရင်တောင် ပူလောင်နေရတဲ့နွေအပူဒဏ်ကို ဘယ်လိုသက်သာအောင် နေရမလဲပဲတွေးနေကြမှာပါ။ အင်္ကျီဆိုင်ရှေ့ဖြတ်ရင်တောင် အသားအေးမယ့်အဝတ်အစားကိုပဲ မျက်လုံးထဲမြင်တော့တယ်။

 

အပူသက်သာဖို့ အိမ်တိုင်းမှာ အမြဲသုံးလေ့ရှိတာက လျှပ်စစ်ပန်ကာနဲ့လေအေးပေးစက်ပါ။ လေအေးပေးစက် မရှိတဲ့သူတွေတော့ ပန်ကာသုံးပါတယ်။ ပန်ကာက လိုသလိုနေရာရွှေ့ပြောင်းလို့ ရတာလည်းပါတာပေါ့။ ပန်ကာကိုနေ့ဘက်အပြင် ညအိပ်တဲ့အခါ ဖွင့်ထားပြီး အိပ်တတ်ကြပါတယ်။ ညကျအိပ်ရာထဲဝင်တာနဲ့ တအားပူအိုက်တာကိုး။ချွေးတွေတလုံးလုံးနဲ့ လူးရင်းလှိမ့်ရင်း မိုးလင်းသွားမှာစိုးရတယ်လေ။

 

ပန်ကာကို ဟိုးအရင်တည်းက အသုံးပြုလာခဲ့ကြတာဖြစ်ပြီး အန္တရာယ်ကြီးကြီးမားမားလည်း မဖြစ်လောက်ဘူးလို့ ယူဆထားကြပါတယ်။ ဒါပေမယ့်တစ်ညလုံးပန်ကာရှေ့အိပ်စက်ကြတာဟာ စိုးရိမ်စရာရှိလားလို့ မေးခွန်းထုတ်စရာရှိလာပါတယ်။ သုတေသနဆန်းစစ်ချက်တစ်ခုကြောင့်ပါ။ လေအေးပေးစက်မသုံးဘဲ ပန်ကာသုံးသူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေရှိတယ်လို့ ဆက်နွှယ်မှု အထောက်အထားတချို့ကို သူက ဖော်ပြလာတာဖြစ်ပါတယ်။

 

ဒီဆန်းစစ်ချက်အရ အပူပြင်းထန်ချိန်အတွင်း ပန်ကာအသုံးပြုမှုရဲ့ကောင်းကျိုးဆိုးပြစ်တွေအကြောင်း မရေရာမှုတွေကိုသေချာဆက်လက်လေ့လာပြီး ခိုင်မာတဲ့အထောက်အထား ဆက်ရှာဖွေဖို့လိုပါတယ် လို့ဗြိတိန်ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဌာနမှKatie Carmichael ကပြောပါတယ်။

 

ပန်ကာကြောင့် ပိုပူနိုင်

 

ဒီလေ့လာဆန်းစစ်ချက်ကို အကျိုးအမြတ်မယူ သုတေသနအဖွဲ့The Cochrane Collaboration က ကျန်းမာရေးအာဏာပိုင်တွေအတွက် စုစည်းလေ့လာခဲ့တာဖြစ်ပါတယ်။

 

အပူချိန်အရမ်းပြင်းနေတဲ့အချိန်မှာ ပန်ကာအသုံးပြုခြင်းက ခန္ဓါကိုယ်ကိုအေးစေတဲ့အစား ပိုပူစေနိုင်ပြီး ထိခိုက်မှုတွေရှိစေနိုင်တယ်လို့ စိုးရိမ်ကြတာပါ။ အပူချိန်မြင့်လွန်းတဲ့အခါ ပန်ကာတွေကြောင့် ချွေးပိုထွက်စေနိုင်ပြီး (ပန်ကာနဲ့ချွေးခဏတိတ်သလိုဖြစ်စေပေမယ့် အသားတွေပူလာတာ ခံစားဖူးမှာပေါ့) ရေဓါတ်ခန်းခြောက်တာနဲ့ ဓါတ်ဆားမမျှတာတွေဖြစ်စေနိုင်တယ်။ အဲဒီကနေ နှလုံးကအစ အာရုံကြောတွေအထိ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို ကမောက်ကမဖြစ်စေနိုင်တယ်။

 

ဒီအခြေအနေမျိုးဆို သက်ကြီးပိုင်းအရွယ်တွေ၊ သိပ်ငယ်သေးတဲ့ကလေးတွေနဲ့ ရောဂါအခံရှိသူတွေ အပါအဝင် ထိခိုက်လွယ်တဲ့သူတွေမှာ အထူးသဖြင့်ပိုဂရုစိုက်သင့်ပါတယ်။

 

သုတေသန များစွာကိုလေ့လာဆန်းစစ်ခဲ့တဲ့အခါ ပန်ကာက အပူနဲ့ပတ်သက်တဲ့ထိခိုက်မှု အန္တရာယ် လျော့နည်းစေတယ်ဆိုတဲ့ ရလဒ်တွေရယ်၊ ပန်ကာကြောင့် အပူနဲ့ပတ်သက်တဲ့ ကျန်းမာရေး အန္တရာယ်တွေပိုဆိုးစေတယ်ဆိုတာတွေရယ်ရောထွေးနေပါတယ်။

 

သုတေသနအထောက်အထားတွေကို အခြေခံတဲ့ ပညာရှင်တွေရဲ့နောက်ဆုံးကောက်ချက်ကတော့ အပူချိန် 95 F ရောက်နေပြီဆိုရင် လျှပ်စစ်ပန်ကာတွေက အခန့်မသင့်ရင် ကျန်းမာရေး ပြဿနာတွေ ရှိနိုင်တယ်ဆိုတာပါပဲ။

 

အပူဒဏ်အောက် ဘယ်လိုနေထိုင်ကြမလဲ

ပန်ကာနဲ့ အဲယားကွန်းကို အားကိုးနေတာထက် တခြားနည်းလမ်းတွေနဲ့ရော အပူဒဏ်အောက်က အန္တရာယ်တွေရှောင်လို့ရပါတယ်။ အရိပ်ထဲမှာနေဖို့တော့လိုတာပေါ့။ အမေရိကန်ကြက်ခြေနီအသင်းရဲ့ အကြံပြုချက်တွေက –

 

ရေများများသောက်ပါ။ရေမဆာရင်တောင် ပုံမှန်ဝင်အောင်သောက်ပါ။ ကဖင်းနဲ့ အယ်လ်ကိုဟောကိုလျှော့ပါ။

 

နေ့ရဲ့အပူဆုံးအချိန်တွေမှာဖြည်းဖြည်းလှုပ်ရှားပါ။

 

အားစိုက်ပြီးမြန်မြန်လှုပ်ရှားတာတွေမလုပ်ပါနဲ့(အားကစားလုပ်တာမျိုး)။

 

အပူချိန်အပြောင်းအလဲကို သတိထားပါ။ သိပ်ပူနေရာကအေးတဲ့နေရာကို ရုတ်တရက်အဝင်အထွက် လုပ်တဲ့အခါ ခန္ဓါကိုယ်အပူချိန်မှာ ကမောက်ကမဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ်။

 

ချောင်ချောင်ချိချိ၊အသားအေးတဲ့အဝတ်အစားကိုဝတ်ပါ။ အရောင်ဖျော့တာပိုကောင်းပါတယ်။ အရောင်ရင့်လေနေရောင်ခြည်အပူကို ပိုစုပ်ယူထားလေဖြစ်လို့ပါ။

 

မဖြစ်မနေ အပြင်သွားရတယ်ဆို အရိပ်အောက် ခဏတော့ ဝင်ဝင်နားပေးပါ။

 

ပန်ကာဖွင့်ပြီးအိပ်မယ်ဆိုရင်တော့ လူပေါ်ကိုလေတိုက်ရိုက်မကျစေဘူးဆိုရပါတယ်။ ပန်ကာ လေလမ်းကြောင်းကို ဘေးဘက်လွှဲထားရင် အနီးတဝိုက်မှာအေးမြစေမှာပါ။

 

 

ရေးသားသူ -Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”